မြစ်ကြီးနားမြို့ အ.ထ.က(၅) ကျောင်းအနီးရှိ ရဲစခန်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီး အ.ထ.က(၅)ကျောင်းအနီးရှိ အရန်ရဲစခန်းမှ ယမန်နေ့ ည ၈ နာရီခန့်က လမ်းသွားလမ်းလာ ဆိုင်ကယ်မောင်းနှင်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရဲစခန်းမှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အနီးဝန်းကျင်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အရန်ရဲစခန်းက ကင်းစောင့်တဲ့သူ ပစ်လိုက်တာနေမှာ၊ အခုချိန်ပစ်တာက သူတို့ပဲရှိတာ၊ နှစ်ကြိမ်ပစ်တာ။ အဲ့တာပစ်ပြီးနောက် ဆိုင်ကယ် အရမ်းမြန်အောင် မောင်းသွားတာ။ ဘာလို့ပစ်တာလည်းတော့ သေချာမသိဘူး။ သူတို့က ဒီလိုပဲ ဆိုင်ကယ်မရပ်ပေးရင် ပစ်နေကြပဲ” ဟု သူကပြောသည်။
မြစ်ကြီးနားမြို့ အ.ထ.က(၅) ကျောင်းအနီးရှိ ရဲစခန်း
လူသွားလူလာ ရှင်းလင်းနေချိန်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူသည် ကျည်ဆံထိမှန်ခြင်းရှိ၊ မရှိကိုမူ မသိကြောင်းသူကပြောသည်။
လမ်းသွားလမ်းလာကို ပစ်ခတ်ခဲ့သည့် ရဲစခန်းအရှေ့မှ ကားလမ်းမတွင် သံဆူးကြိုးများချထားကြောင်း သူကဆက်ပြောသည်။
အဆိုပါ ရဲစခန်းအနီးတွင် ဇွန်လ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲခန့် ကလည်း ဆိုင်ကယ်စီးနှင်းလာသည့် လူငယ်နှစ်ဦးကို သေနတ် ၁၀ ချက် ဖောက်ကာ ဖမ်းဆီးမှုရှိခဲ့သည်။
အလားတူ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ကလည်း ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဆိုင်ကယ် မရပ်ပေးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ပုံ – ပြီးခဲ့မတ်လအတွင်းက အဆိုပါ ရဲစခန်းရှေ့တွင် သံဆူးကြိုးများချထားသည်ကိုတွေ့ရစဉ်။
သင့်ထင်မြင်ချက်ရေးပေးပါ