ရွှံ့ဗွက်ကြားထဲ ရုန်းကန်ရတဲ့ ဘဝများ

မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်တွင် Toyota Pro Box ယာဉ်အမျိုးအစား ကားလေးတစ်စီး ခရီးသည် လေးဦးဖြင့် တရွေ့ရွေ့ ခရီးနှင်နေသည်။ မိုးဖွဲဖွဲကျနေပြီး လမ်းတွင်လူပြတ်သော်လည်း ယာဉ်မောင်းဖြစ်သူ ကိုဇော်အောင် (အမည်လွဲ) ကား လမ်းအကွေ့များတွင် သတိနှင့် မောင်းနှင်နေသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ခရီးသည်တင်ယာဉ်များကို နှစ်ပေါင်း ၂၀ ကျော်မောင်းနှင်လာသည့် ကိုဇော်အောင်အဖို့ မည်သည့်နေရာတွင် အကွေ့အကောက်များပြီး မည်သည့်နေရာတွင် ချိုင့်ခွက်ရှိသည်ကို အလွတ်နီးပါးရနေသူတစ်ဦးဖြစ်သည်။

ယခင်နှစ်များအတွင်း မိုးတွင်းကာလတွင် ၁၁၆ မိုင်ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ခရီးကို ကိုဇော်အောင် ငါးနာရီခန့်သာ မောင်းနှင်ရပြီး ရံဖန်ရံခါခရီးသည်ရလျင်ရသလို တစ်နေ့လျင် အသွားအပြန် မောင်းနှင်ရသည်။

တရွေ့ရွေ့ ဖြေးဖြေးနှင့်မှန်မှန် ခရီးနှင်လာသည့် ကားလေးသည် မလန်းယန်ကျေးရွာနှင့် နမ်ဆန်ယန်ကျေးရွာ အကြားတွင် ရပ်လိုက်သွားလိုက် ဖြစ်ရတော့သည်။ လမ်းမိုင်အရှည် ၁၀ မိုင်ခန့်သည် ရွှံ့ဗွက်များနှင့် ပြည့်နှက်နေပြီး အချို့နေရာများတွင် ရွှံ့ဗွက်အလွန်နက်သဖြင့် ကားကလေးများ ပျက်စီးခြင်း၊ စက်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်သည်ဟု ကိုဇော်အောင်က ဆိုသည်။

“ကားကကျွံနေတော့ ဆွဲထုတ်ခဲ့ရတာ ကားအရှေ့ရှဲတွေ အကုန်ပြုတ်ထွက်ကုန်တာ နံပါတ်ပြားတွေကအစပေါ့” ဟုသူ၏ အတွေ့အကြုံကိုပြောပြသည်။

ယခင်အချိန်တွင် ငါးနာရီခန့်သာ မောင်းနှင်ရသည့် လမ်းမှာ ယခုအခါ ရွှံ့ဗွက်တန်းများကြောင့် သွားလာရ ခက်ခဲနေပြီး ခရီးနှောင့်နှေးကြန့်ကြာနေရုံသာမက တစ်ခါတစ်ရံ တစ်ညအိပ်သွားလာနေကြရသည်။

 

ဝိုင်းမော်မြို့နယ် မလိချောင်းဘေး မလန်းယန်ကျေးရွာမှ နမ်ဆန်ယန်ကျေးရွာအနီးထိ ၁၀ မိုင်ကျော်ခရီးကို ယခင်က မိနစ် ၃၀ ခန့်သာမောင်းနှင်ရသော်လည်း ယခုအချိန်တွင် သုံးနာရီခန့်ကြာမြှင့်သည်ဟု ဆိုသည်။

“ခုက လမ်းအခြေအနေကြောင့် အဲ့နေရာမှာတင် နှစ်နာရီလောက် မောင်းရတယ်။ အဲ့မှာ လမ်းပိတ်တာ ကားကျွံတာဆို သုံးနာရီကြာတဲ့နေ့ရှိသလို တစ်ခါတစ်လေ ငါးနာရီလောက်ကြာတယ်။ ဗွက်တန်းက ထွက်ရပြီဆိုတာနဲ့ ခြောက်နာရီလောက်ကထိုးနေပြီ” ဟုသူကပြောသည်။

ရွှံ့ဗွက်တန်းဖြစ်နေသော လမ်းတွင် ကားသွားရန် ခက်ခဲပြီး အချို့နေရာများတွင် ကားကျွံမှုများဖြစ်ပါက ကားကြီးများကို ဘတ်ဟိုးနှင့် ဆွဲပြီး ကားအသေးများကိုမူ ခရီးသည်များက ကားဆင်းတွန်းကူရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည် ခရီးသွားပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။

“အရင်က ဗန်းမော်သွားရင် လမ်းမှာတစ်ခါမှ မအိပ်ဖူးဘူး။ ဒီတစ်ခေါက်က လမ်းခက်ခဲနေလို့ ကားအကြီးတွေကို ဘတ်ဟိုးနဲ့ ဆွဲနေတာတွေ့တယ် ကားအသေးက ခရီးသည်တွေတောင် ကားတွန်းကူရတယ်။ အဲ့တာ မိုးချုပ်သွားပြီး ဒေါ့ဖုန်းယန်မှာ ဖြတ်လို့မရတာနဲ့ ညအိပ်ခဲ့ရတယ်”ဟု သူကပြောသည်။

မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာရွှေအင်ပါယာ ကုမ္ပဏီလီမီတက်နှင့် ဆွမ်ပရာဘွမ်ဆောက်လုပ်ရေးကုမ္ပဏီလီမီတက်အပါအဝင် ကုမ္ပဏီလေးခု၊ လုပ်ငန်းအဖွဲ့ရှစ်ဖွဲ့က တစ်ဖွဲ့လျင် တစ်မိုင် လေးဖာလုံနှုန်းဖြင့် တာဝန်ယူပြီး AC ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောက်လုပ် ဆောင်ရွက်နေကြောင်း သိရသည်။

 

လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းကို ဇန်နဝါရီလတွင် စတင်လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာ သဖြင့် အလုပ်သမားများ၏ လုံခြုံရေးကြောင့် လမ်းပြုပြင်ရေးလုပ်ငန်းများလည်း ရပ်နားသွားခဲ့ရသည်။

တိုက်ပွဲဖြစ်ပွားချိန် လမ်းလုပ်ငန်းခွင်အတွင်း လက်နက်ကြီးကျပြီး ပေါက်ကွဲခြင်းမရှိသေးသောကြောင့် လာရောက် ဖယ်ရှားပေးရန် တောင်းဆိုခဲ့သော်လည်း လာရောက်ဖယ်ရှားပေးခြင်းမရှိဘဲ အလုပ်သမားများ၏ လုံခြုံရေးကြောင့် မတ်လတွင် ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ရကြောင်း လုပ်ငန်းရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

“လမ်းခင်းတဲ့ ကုမ္ပဏီတွေလည်း မနေရဲဘူးလေ။ ကုမ္ပဏီတွေကအကုန် တို့လို့တန်းလန်းနဲ့ မြေတွေတူးထားပြီး ပြန်သွားတာကိုး။ လမ်းတွေဖျက်ပြီး မလုပ်ပဲနဲ့ ပြန်သွားသလို ဖြစ်သွားတာ” ဟု ယာဉ်မောင်း ကိုဇော်အောင်ကပြောသည်။

လမ်းပြုပြင်ရေးလုပ်ငန်းများကို မတ်လတွင် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်ထားခဲ့ပြီး လမ်းမြေညှိထားသော နေရာများနှင့် မြောင်းတူးဖော်ထားသော နေရာများရှိပြီး မေလလယ်မှ စတင်ကာ မိုးရွာသွန်းခဲ့ချိန် ထိုနေများသည် ရွှံ့ဗွက်တန်းများ ဖြစ်လာခဲ့သည်။

ရွှံ့ဗွက်ကြားထဲ ရုန်းကန်ရတဲ့ ဘဝများ

 

လမ်းခရီးတွင် ရွံ့ဗွက်တန်းကို ကျော်ဖြတ်နေရသကဲ့သို့ တစ်ခါတစ်ရံ သွားနေသော လမ်းခရီး ရှေ့ရှိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသည်နှင့် ကြုံရတတ်ပြီး တိုက်ပွဲငြိမ်သွားမည့်အချိန်ကို ရပ်စောင့်ရကြောင်း သူကဆက်ပြောသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်း အသုံးပြုသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများသည် ရွှံ့ဗွက်တန်းကြောင့် ခရီးစဉ်နှောင့်နှေးရုံသာမက တိုက်ပွဲများမကြာခဏဖြစ်ပွားမှုကြောင့် အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အနေအထားဖြစ်နေသည်။

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းရှင်များနှင့် ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ဆုံစဉ် လုပ်ငန်းဆက်လက်လုပ်ဆောင်ရန်နှင့် ငွေထုတ်ရန်လုပ်ငန်းစဉ်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာခဲ့သည်။

လုပ်ငန်ရှင်များ၏ လုပ်ငန်းပြီးစီးမှုပေါ်မူတည်၍ သက်ဆိုင်ရာဌာနဆိုင်ရာများက စစ်ဆေးမှုများပြုလုပ်ပြီး လုပ်ငန်းအတွက် ငွေထုတ်ရန် ဌာနဆိုင်ရာမှ အပေါ်စာ (သို့) ချက်လက်မှတ်ရေးပေးပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ငွေထုတ်ယူရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများက လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာဌာနများကို တင်ပြပြီး ငွေကြေး တောင်းခံချိန်တွင် ဌာနများက ချက်လက်မှတ်နှင့် ငွေပေးချေသော်လည်း အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားအလုံအလောက်ထုတ်မပေးနိုင်ဘဲ အကန့်အသတ်ဖြင့်သာ ထုတ်ပေးသည့် ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။

“ငွေကထုတ်လို့မရဘူး ချက်လက်မှတ်တွေ အပေါ်စာတွေပါလည်း ငွေက အပြည့်ထုတ်လို့မရဘူး တစ်ပါတ်ကို ၂၅ သိန်း ပဲထုတ်ပေးတယ်။ မြစ်ကြီးနားမှာတော့ စီးပွားရေးဘဏ်မှာ ကုမ္ပဏီအကောင့်ဖွင့်ထားရင်က သိန်း ၂၀၀ ထိ ထုတ်ပေးတယ်။ ကုမ္ပဏီအကောင့်ရှိတဲ့သူရှားတယ် အများအားဖြင့်က မရှိဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် လုပ်ငန်းပြီးစီးပါက ဘဏ်၌ငွေကို အလွယ်တကူ ထုတ်ယူနိုင်သောကြောင့် လုပ်ငန်းအတွက် ကုမ္ပဏီဘဏ်အကောင့် ဖွင့်ထားသူ အလွန်နည်းပါးပြီး၊ အာဏာသိမ်းပြီးနောက်တွင် မြန်မာ့စီးပွားရေးဘဏ်၌ ကုမ္ပဏီဘဏ်အကောင့်အသစ်များ ထပ်မံဖွင့်ပေးခြင်းမရှိသဖြင့် လုပ်ငန်းရှင် အများစုမှာ ငွေထုတ်ရန် အခက်အခဲများစွာနှင့် ကြုံနေရသည်။

ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ရန်ခက်ခဲသောကြောင့် ထုတ်ယူမည့်ငွေပမာဏတွင် ရာခိုင်နှုန်း ထပ်ဆောင်းတောင်းခံ၍ ငွေထုတ်ပေးသည့် အေးဂျင့်များရှိသကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကြားတွင်လည်း စီးပွားရေးဘဏ်တွင် ကုမ္ပဏီဘဏ်အကောင့်ရှိသူများက ရာခိုင်နှုန်းထပ်ဆောင်းတောင်းယူပြီး ငွေထုတ်ပေးသူများရှိသည်။

ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းများသည် လုပ်ငန်းအာမခံကြေးကို လုပ်ငန်းတန်ဖိုး၏ ၅% ၊ လုပ်ငန်းတန်ဖိုး၏ ၇% ကို ဝင်ငွေခွန် ပေးရပြီး လုပ်ငန်းအတွက် ငွေထုတ်ယူရန်လည်း အခက်အခဲဖြစ်နေသောကြောင့် လုပ်ငန်း ၁၀၀% အမြန်ဆုံး ပြီးစီးရန်သာ နည်းမျိုးစုံဖြင့် ငွေရှာ၍ ကြိုးစား လုပ်ဆောင်နေကြသည်။

လုပ်ငန်းရှင်များအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ တန် လုပ်ငန်းတစ်ခုသည် လုပ်ငန်း ၁၀၀% ပြီးဆုံးသည့်တိုင် ငွေထုတ်ရန် ချက်လက်မှတ်သာ ရရှိမည်ဖြစ်ပြီး တစ်ပါတ်လျှင် ၂၅ သိန်းဖြင့် ငွေထုတ်ယူရန် အပါတ် ၄၀ ကိုးလခန့် ကြာမြှင့်မည်ဖြစ်သည်။

မြစ်ကြီးနား ဗန်းမော်လမ်းပိုင်းမှ လမ်းအဆင့်မြှင့်တင်ရေး လုပ်ဆောင်နေသည့် ကုမ္ပဏီများသည် မတ်လမှစ၍ လုပ်ငန်းများရပ်ဆိုင်းထားပြီး ကချင်ပြည်တွင် မိုးများသည့် ယခုလ ဩဂုတ်လတွင် လမ်းသည် ယခင်လများထက် ပိုမိုခက်ခဲလာခဲ့သည်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး လမ်းပြုပြင်ရေးလုပ်ငန်းခွင်များကို ရပ်တန့်ထားသောကြောင့် ယာဉ်မောင်း ကိုဇော်အောင်တစ်ယောက် မိုးတွင်းကာလ၌ ရွံ့ဗွက်တန်းတွင် ရုန်းကန်ရသကဲ့သို့ ပွင့်လင်းရာသီတွင်လည်း ဖုန်းတောထဲ မောင်းနှင်ရပြန်မည်ကို တွေး၍ စိုးရိမ်နေသည်။

“ဗွက်တောကမှ တစ်စီးနဲ့ တစ်စီး ရှောင်တိမ်း အချင်းချင်းကူညီပြီးသွားလို့ရသေးတယ်။ ဖုန်တောက အန္တရာယ်များတယ် ဖုန်တွေက လုံးပြီး သူ့မမြင် ကိုယ့်မမြင်နဲ့ ဘယ်သူမှလည်း ကူညီပေးလို့မရဘူး။ လမ်းပဲအပြီးသတ်စေချင်တယ် မဟုတ်ရင်လည်း အရင်က ကျောက်စရစ်လမ်းလေး ပြန်ဖော်ပေးစေချင်တယ်” ဟုသူကပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ ရွံ့ဗွက်တန်းဖြစ်နေသည့် တစ်နေရာကြောင့် ကိုဇော်အောင်ကဲ့သို့ ထိုလမ်းတွင် မှီခို၍ အသက်မွေးဝမ်းကြောင်းပြုလုပ်နေကြသူများနှင့် ခရီးသွားပြည်သူများအနေဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်း မပြီးဆုံးသေးသ၍ အခက်အခဲများနှင့် ဆက်လက်ကြုံတွေ့နေရဦးမည်။

လမ်းပြုပြင်ရေးလုပ်ငန်းများ ပြီးဆုံးမှသာ ထိုလမ်းကိုအသုံးပြုနေရသည့် ခရီးသွားပြည်သူများအတွက် အဆင်ပြေချောမွေ့ပြီး ကိုဇော်အောင်တစ်ယောက် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ကို ယခင်ကဲ့သို့ နေ့ချင်းပြန်သွားလာနိုင်မည်ဖြစ်သည်။

ပွင့်လင်းရာသီရောက်လာပြီဖြစ်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်သည်ဖြစ်ရာ လမ်းပြုပြင်ရေးလုပ်ငန်းများ ဆက်လက်နှောင့်နှေးနိုင်သဖြင့် ကိုဇော်အောင်ကဲ့သို့ ခရီးသည်ပို့ဆောင်သူများနှင့် ဤလမ်းကို အသုံးပြုရမည့် ခရီးသည်များမှာ ရွှံ့ဗွက်နှင့် ဖုံတောများအကြား ရုန်းကန်ကြရပေဦးမည်။

photo : ဂျိန်းဖော့ဧရာ မော်တော်ယာဉ်အသင်း မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ