ဝိုင်းမော် ခ.လ.ရ (၅၈) တပ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့ ခ.လ.ရ ၅၈ တပ်မှ ပစ်ခတ်နေချိန် ဖမ်းဆီးခံရသူ သုံးဦးကို ဩဂုတ်လ ၃၁ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) သို့ ပို့လိုက်ပြီကြောင်းသိရသည်။

မဒိန်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသူ သုံးဦးကို ခ.လ.ရ ၅၈ တပ်တွင် ဖမ်းဆီးထားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ပြီးနောက် မ.ပ.ခ သို့ပို့လိုက်သည်ဟု သိရကြောင်း မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“အုပ်ချုပ်ရေးမှူးကပြောတယ် ဒုရင်းမှူးက ပြောခဲ့တယ်တဲ့၊ ၅၈ တပ်ရင်းမှာထားတော့ ရဲဘော်တွေက သောက်စားမှူးယစ်တော့ တစ်ယောက်က လာထိုးလိုက်၊ တစ်ယောက်က လာရိုက်လိုက် နှိပ်စက်တာ ခံနေရတော့ မြစ်ကြီးနားကိုပို့လိုက်ပြီတဲ့ တိုင်းကိုပို့လိုက်ပြီလို့ ပြောတယ်။” ဟုသူကပြောသည်။
မိသားစုဝင်များက ဖမ်းဆီးခံရသူသုံးဦးကို တွေ့ခွင့်မရသေးဘဲ အုပ်ချုပ်ရေးမှူးပင် ဖုန်းဖြင့်သာ အဆက်အသွယ်ရကြောင်း သိရသည်ဟု သူကဆက်ပြောသည်။
ဖမ်းခံရသူသုံးဦးမှာ အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်၂၅နှစ်ဝန်းကျင်အမျိုးသားနှစ်ဦးတို့ဖြစ်ပြီး ART ဆေးစား‌သူတစ်ဦး ပါဝင်‌ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ(၅၈)တွင် ဩဂုတလ၂၈ရက်နေ့ ပစ်ခတ်မှုကြောင့် ခါ့ကွမ်ကျေးရွာနှင့် မဒိန်ကျေးရွာရှိ လူနေအိမ်အချို့တွင် လက်နက်ကြီး ကျရောက်မှုများရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ