မိုးကောင်းတွင် ဒေသခံများလှူဒါန်းသည့် အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးတော့မည်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ဒေသခံများလှူဒါန်းမှုဖြင့် ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ်နေသည့် အောက်စီဂျင်စက်ရုံသည် လာမည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

မိုးကောင်းတွင် ဒေသခံများလှူဒါန်းသည့် အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးတော့မည်

 

အဆိုပါ စက်ရုံတည်ဆောက်ပြီးစီးခဲ့ပါက တစ်ရက်လျှက် ၄၀ လီတာအိုး အလုံး ၅၀ ခန့် ထုတ်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်ဟု တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“အခုပြီးတော့မယ့် စက်ရုံကတော့ မိုးကောင်းမြို့ အတွက်ပဲ ဦးစားပေးပေါ့နော်။ ကျွန်တော်တို့ အခုက စက်ရုံသုံးရုံဆောက်မှာပါ။ နောက်ထပ်အောက်စီဂျင် စက်ရုံနှစ်ရုံလည်း ဆောက်လုပ်နေပါတယ်။ အဲ့ဒါတွေပြီးသွားရင်တော့ တခြားမြို့နယ်က လိုအပ်လာရင်လည်း ကူညီပေးနိုင်လောက်မှာပါ။ အခုထိတော့ မိုးကောင်းရဲ့ အောက်စီဂျင်လိုအပ်မှုအပေါ် ဖားကန့်မှာပဲ သွားယူ နေရတုန်း ရှိနေသေးပါတယ်” ဟု ပြောသည်။
အဆိုပါ အောက်စီဂျင်စက်ရုံကို မိုးကောင်းမြို့ရှိ အလယ်ရပ်ကွက်နေ ဦးတင်မောင်နှင့် ဇနီးဒေါ်စီစီမိုး မိသားစုမှ လှူဒါန်းခဲပြီး သိန်း ၆၀၀ ခန့် ကုန်ကျခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း အောက်စီဂျင်ပြတ်တောက်မှုကြောင့် သေဆုံးသူများပြားခဲ့ကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးကပြောသည်။
“ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်လောက်တော့ ရှိပါပြီ။ အတည်ပြုနဲ့ သံသယအပါပေါ့နော်။ အောက်စီဂျင်ပြတ်တောက်တဲ့အချိန်မှာ တော်တော်လေးတော့ သေသွားတယ်” ဟု ဆိုသည်။
အောက်စီဂျင်အလုံအလောက်ရရှိပါက သေဆုံးသူများ လျှော့နည်းသွားနိုင်သည့်အတွက် အောက်စီဂျင်စက်ရုံတည်ဆောက်ပေးသည့်အပေါ် ဝမ်းသာကြောင်းသူကပြောသည်။

မိုးကောင်းမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဩဂုတ်လ ၁၆ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၂၂ ဦးနှင့် ပိုးတွေ့ရှိသူစုစုပေါင်း ၁၀၅၉ ဦး ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော်လည်း ကူးစက်ခံရသူနှင့် သေဆုံးသူ ထိုထက်မက အများအပြားရှိနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ