နန့်မွန်းမြို့တွင် နှစ်လောင်းပြိုင် အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်သူများလွတ်မြောက်နေဆဲ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ ဘီလူးကပ်ကျော်ဘုရားအနီးရှိ တောစပ်တစ်နေရာတွင် လွန်ခဲ့သည့် ဇွန်လက မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားသည့် တရားခံများအား ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

နန့်မွန်းမြို့တွင် နှစ်လောင်းပြိုင် အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်သူများလွတ်မြောက်နေဆဲ

 

အသတ်ခံရသူနှစ်ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ကလာရောက်ကြည့်ရှုကာ မှတ်တမ်းယူသွားပြီးနောက်ပိုင်း တရားခံဖော်ထုတ်ဖမ်းဆီးခြင်းများ ဆက်လက်ဆောင်ရွက်ခြင်း မရှိတော့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သေတဲ့အချိန်တော့ အလောင်းကို လာကြည့်တာတွေရှိပေမယ့် ကြည့်ပြီးတာနဲ့မီးရှို့ဖို့ပြောပြီး ပြန်သွားတာ အဲ့ကတည်းက ရဲတွေကို မတွေ့ရတော့တာပဲ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဘာမှအရေးယူဆောင်ရွက်တာတွေလည်း မရှိဘူး။ တကယ်တမ်းစုံစမ်းဖော်ထုတ်မယ်ဆိုရင်တော့ တရားခံ ဖမ်းမိလောက်တယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသည့် တရားခံများသည် အမျိုးသားလေးဦးဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းမှလာရောက်၍ ပန်းရံလုပ်ကိုင်သူများဖြစ်ကာ အခင်းဖြစ်ပွားပြီးနောက် နန့်မွန်းမြို့မှ အစအနပျောက်သွားသောကြောင့် ဒေသခံများက သံသယဖြစ်နေကြောင်း သူကဆက်ပြောသည်။

ဆိုးဆိုးဝါးဝါးကျူးလွန်သည့် ပြစ်မှုဖြစ်ပြီး တရားခံများကို သေဒဏ်ပေးသည့်အထိ ဆောင်ရွက်သင့်သော်လည်း တာဝန်ရှိသူများက အမှုမှန်ပေါ်ပေါက်ရန် ဆက်လက်လုပ်ဆောင်မှုမရှိကြောင်း သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မိသားစုတွေအနေနဲ့ အမှုဖွင့်ဖို့ကျတော့လည်း သေပြီးတစ်ပတ်လောက်အကြာမှ အလောင်းတွေ့တာ ဆိုတော့လည်း အစအနဘယ်လိုဖော်ရမှန်းကို မသိဘူးဖြစ်နေတာ။ ဒီလိုကိစ္စမျိုးထပ်မဖြစ်ရအောင်ဆိုပြီး ဖမ်းဆီးအရေးယူဖို့ တင်ပြမှုတွေရှိပေမယ့်လည်း ဘယ်သူမှ တာဝန်မယူကြလို့ လုံးဝကိုငြိမ်နေကြတာ။ တရားခံတွေက ကလေးတွေရဲ့မျက်နှာကိုတောင် ပျက်အောင် ရိုက်ထားကြသေးတယ်။ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်တောင်ချသင့်အထိ ဖမ်းဆီးအရေးယူသင့်တာပေါ့” ဟု ပြောသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ အသက် ၁၃ နှစ်နှင့် ၁၆ နှစ်အရွယ်ဖြစ်ပြီး မိုင်းနောင်ကျေးရွာ မြနန္နာနယ်မြေတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦးနှင့် ပတ်သက်ပြီး နန့်မွန်းဒေသခံများက တရားခံဖမ်းဆီးရရှိပြီး အမှုမှန်ပေါ်ပေါက်ရန်လိုလားနေကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ