ဒေါ်သက်ထားနှောင်း

၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အနိုင်ရရှိခဲ့သော NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ယနေ့နံနက် နှစ်နာရီဝန်းကျင်က နန်းမားမြို့ရှိ အောင်မင်္ဂလာရပ်ကွက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့်အတူ အရပ်ဝတ်များက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့ကိုဖမ်းတုန်းက ရိုက်နှက်တာတွေကြားပြီး အော်သံငိုသံတွေကြားတယ်လို့ ပတ်ဝန်းကျင်ကပြောတယ်။ အဲ့အိမ်က ဒီမနက် ၁၁ နာရီအထိ တံခါးမဖွင့်တာနဲ့ ရပ်ကွက်ကလူတွေ ရိုက်ဖွင့်မှ တစ်ယောက်မှမရှိနေဘူး။ သူနေတဲ့ အိမ်ကလူတွေ အကုန်ခေါ်သွားတာ ခြောက်ယောက်လောက်ပါသွားတယ်။ စစ်ဝတ်စုံနဲ့ အရပ်ဝတ်တွေရော အင်အားများတယ်။ အိမ်ပတ်ပတ်လည်ကိုဝိုင်းပြီးတော့ကိုဖမ်းသွားတာ”ဟု ပြောသည်။
ဒေါ်သက်ထားနှောင်းကို နန်းမားအနောက်ဘက်ရှိ ခလရ ၃၈၆ တပ်ထဲသို့ ခေါ်ဆောင်သွားနိုင်ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
အသက် ၄၂ နှစ်အရွယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅-ခ ဖြင့်လည်း တရားစွဲခံထားရသူဖြစ်ကြောင်း သိရသည်။

နန်းမားမြို့တွင် ဒေါ်သက်ထားနှောင်းနည်းတူ မေတ္တာလေညင်း – လူငယ် လူမှုအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ခင်မာလင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် တစ်နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ