KIA အဖွဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တံတားညီနောင် အနီး ရုန်းတောင် (SumBwi Bum) တွင် ယနေ့ နံနက် ၇ နာရီမှ နံနက် ၁၀ နာရီခွဲခန့်ထိ ကချင်လွတ်မြှောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ရုန်းတောင် အနီးရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ တပ်မဟာ ၉၊ တပ်ရင်း ၄၄ က သွားရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တံတားညီနောင် မရောက်ခင်မှာ ရုန်းတောင် တလျောက်ဖြစ်နေတာ၊ ကေအိုင်အေက လက်နက်ကြီးနဲ့ ပစ်လိုက်တာက စစ်တပ်ဘက် စခန်းကိုကျတော့ အဲ့ဘက် သေတာတော့ မရှိပေမယ့် တော်တော် ထိခိုက်လောက်တယ်၊ လက်နက် အကြီးအသေးသံတွေကြားရတာ၊ မနက်ကတည်းနေ ခုထိ တိုက်ပွဲဖြစ်နေတုန်းပဲ၊ အခြေအနေဘယ်လိုလဲတော့ သေချာမသိသေးဘူး” ဟုသူကပြောသည်။
နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အခုကတော့ နန့်ယားစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပြီး ပစ်နေလို့ အဲ့ပတ်ဝန်းကျင်က ယာခင်းခြံလုပ်တဲ့ ပြည်သူတွေက စိုးရိမ်နေတယ်၊ ရုန်းတောင်ဘက်မှာက ရွာသားတွေမရှိဘူး” ဟုသူက ပြောသည်။
ကေအိုင်အေမှ စစ်ကောင်စီတပ်ခန်းကို သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကနဦးသိရသော်လည်း The 74 Media မှ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်၊ တံတားညီနောင် အနီးတွင် ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်း မှ စ၍ ဇူလိုင် ၁၆ ရက်နေ့အထိ ကေအိုင်အေ တပ်ရင်း ၄၄ နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ