အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် ငမန်းဂိမ်း လောင်းကစားရုံများ ပိုများလာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် ငမန်းဂိမ်း လောင်းကစားရုံများ ပိုမိုများပြားလာကြောင်း မြို့ခံများထံမှသိရသည်။

မြစ်ကြီးနားမြို့တွင် ယခင်က ငမန်းဂိမ်း လောင်းကစားဆိုင်များ ၂ဆိုင်၊ ၃ဆိုင်သာရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စုစုပေါင်း ၇ဆိုင်၊ ၈ဆိုင်အထိ များပြားလာခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် ငမန်းဂိမ်း လောင်းကစားရုံများ ပိုများလာ

အေးစေတီရပ်ကွက် အိမ်အမှတ်(၁၆၅) ရှိ ငမန်းဂိမ်းလောင်းကစားရုံသည် ၂၄ နာရီဖွင့်လှစ်ကာ လောင်းကစားသူများဖြင့် အစည်ကားဆုံးဖြစ်နေသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။
“ဆိုင်တွေအားလုံး ပေါ်တင်ဖွင့်နေတာ။ သိုသို သိပ်သိပ်နဲ့ မြို့ပြင်တွေမှာ ဖွင့်တာမဟုတ်ဘူး။ ရပ်ကွက်တွေထဲမှာ နှစ်ထပ်တိုက်၊ တစ်ထပ်တိုက် အဲ့လို အိမ်တွေကို ဌားပြီး ဖွင့်နေတာ။ အေးစေတီက ဆိုင်မှာဆို ၂၄ နာရီကို ဆော့နေကြတာ။ mask တပ်တာလည်းမရှိဘူး။ အသက်အရွယ်မရွေး ကျားမ မရွေး အဲ့မှာ Covid ကိုမေ့ပြီး ချနေကြတာ။ ဆိုင်အပြင်မှာ ဆိုရင်လည်း ဟိုဟာပေါင် ဒီဟာပေါင်ဖို့ ဈေးငြှိနေကြတာ” ဟု ပြောသည်။
လက်ရှိ ငမန်းဂိမ်း လောင်းကစားဆိုင်များကို အေးစေတီရပ်ကွက်၊ စက်မှုရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်များတွင် တရားမဝင်ဖွင့်ထားပြီး အချို့ဆိုင်များသည် ၂၄ နာရီဖွင့်လှစ်နေသည်။
ထိုကဲ့သို့ ငမန်းဂိမ်းလောင်းကစားရုံများ ပိုမိုများပြားလာသည့်အပြင် လူစုလူဝေးဖြစ်နေသော်လည်း ရဲတပ်ဖွဲ့များ လာရောက် ဖမ်းဆီးခြင်းမရှိကြောင်း သူက ပြောသည်။
“ရဲတွေကို တစ်ဆိုင်ကို လိုင်းကြေးတစ်လ သိန်းတစ်ရာလောက်ရကြတယ်။ အဲ့ဒါကြောင့် ပိတ်ဖို့ တစ်ခွန်းမှ မဟဘူး။ တစ်ကယ်လို့ ပိတ်ရင် တစ်လကို သိန်းတစ်ရာလောက် နှစ်နာနေလို့ မပိတ်ခိုင်းဘူး။ အဲ့ဒါကြောင့် ရပ်ကွက်က လူတွေကလည်း ပိတ်ဖို့မပြောနဲ့ အနားတောင်မကပ်ရဲဘူး၊ တိုင်မယ်ဆိုရင်လည်း ဘယ်သူကို တိုင်ရမလဲမသိဘူးဖြစ်နေတယ်”ဟု ဆိုသည်။
ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခြင်းမရှိသည့်အပြင် ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် လာရောက်ဆော့ကစားနေကြောင်း သူက ဆက်ပြောသည်။
Covid အခြေအနေဆိုးဝါးနေသည့်အပြင် နိုင်ငံရေးလည်းမကောင်းသည့်အတွက် ထိုကဲ့သို့ ငမန်းဂိမ်းလောင်းကစားဆိုင်များကို အမြန်ဆုံးပိတ်ပေးရန် ပြည်သူတစ်ဦးက သူ့အမြင်ကို ယခုလို ပြောသည်။
“ကိုဗစ်ကာလလည်းမဟုတ်တော့ဘူး နိုင်ငံရေးလည်းကောင်းနေတဲ့အချိန်မှာ တရားဝင်ဖွင့်ပေါ့။ နိုင်ငံခြားမှာလည်း ကာစီနိုတွေဖွင့်တာတွေရှိတယ်။ အခုအချိန်ကတော့ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ကိုဗစ်ကို ထိန်းချုပ်နေတယ်။ ဒီလိုနေရာကနေ ကိုဗစ် ဘယ်လောက်ပြန့်ပွားနေမလဲ ဆိုတာကို အားလုံးကစိုးရိမ်နေကြတယ်။ ဒါ့ကြောင့် အမြန်ဆုံး ပိတ်ပေးဖို့တောင်းဆိုပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ဇူလိုင်လ ၂၆ရက်နေ့မှ ဇူလိုင်လ ၃၀ရက်နေ့အထိ ငါးရက်အတွင်း Covid-19 ကြောင့် သေဆုံးသူ ၉၈ ဦးရှိပြီး Covid-19 ကူးစက်ခံရသူ ၅ ထောင်နီးပါးရှီပြီဖြစ်သည်။

Covid တတိယလှိုင်းအခြေအနေဆိုးဝါးနေသည့်အတွက် စစ်ကောင်စီက မြစ်ကြီးနားမြို့အတွင်း KTV၊ Bar၊ စားသောက်ဆိုင်များ၊ လူစုလူဝေးဖြစ်စေသည့်ပွဲလမ်းသဘင်များကို မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း အဆိုပါ ငမန်းဂိမ်း လောင်းကစားဆိုင်များသည် အရေးယူခြင်းမခံရဘဲ ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ