ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း ကိုဗစ်၁၉ ​ကြောင့် သေဆုံး

ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 အတည်ပြုနှင့်သံသယလူနာ သေဆုံးသူ စုစုပေါင်း (၉၈ ) ဦးအထက် ရှိကြောင်း ကိုဗစ် လူနာများကို ကူညီပေးနေသည့် ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း ကိုဗစ်၁၉ ​ကြောင့် သေဆုံး

 

ကချင်ပြည်နယ်တွင် ဇူလိုင် ၂၆ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အထိ ကိုဗစ်၁၉ ကြောင့် မြစ်ကြီးနား (၃၉) ဦး၊ ဝိုင်းမော် ( ၄) ဦး၊ မိုးကောင်း(၈) ဦး၊ ဖားကန့် ( ၄၀) ဦး၊ ပူတာအို (၁) ဦး၊ မိုးညှင်း ( ၃) ဦး၊ တနိုင်း (၂) ဦး ၊ ရွှေကူ (၂) ဦး နှင့် ရှင်ဗွေယန်မှ ( ၁ )ဦး စုစုပေါင်း (၉၈) ဦး သေဆုံးခဲ့သည်ဟု ကိုဗစ်လူနာများကို ကူညီပေးနေသည့် မြို့နယ်အသီးသီးမှ လူမှုကူညီရေး အသင်းများ၏ ဖော်ပြချက်များအရ သိရသည်။
သေဆုံးသူများတွင် ရောဂါအခံရှိသည့် သေဆုံးသူပိုများကြောင်း ဖားကန့်မြို့နယ်ရှိ လူမှုကူညီရေး အသင်းတစ်ခုက The 74 Media ကိုပြောသည်။
“အသက်ကြီးပိုင်းနဲ့ ရောဂါအခံရှိတဲ့သူတွေ သေဆုံးတာများတာပေါ့ ၊ စင်တာမှာ ဆေးကုနေရင်း ဆုံးသွားတာတွေပါတယ်၊ အောက်ဆီဂျင်ကျလို့ ဆုံးတာတွေရောပေါ့၊ လူငယ်တွေကြတော့ ရောဂါ အခံတွေရှိမှ နည်းနည်း အန္တရာယ်ရှိတာပါ ရောဂါအခံမရှိရင်ကတော့ ပြန်ပြီးသက်သာလာတာတယ်” ဟုသူကပြောသည်။
တတိယလှိုင်း ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုသည် ယခင် ပထမလှိုင်းနှင့် ဒုတိယ်လှိုင်းတို့တွင် သေဆုံးသည့်လူနာစာရင်းထက် ပိုများလာသော်လည်း ကိုဗစ်လူနာများကို ကူညီပေးသည့်စေတနာ့ဝန်ထမ်း အင်အားမှာ ယခင်ထက် နည်းပါးနေကြောင်း သူကဆက်ပြောသည်။
ကချင်ပြည်နယ်ရှိ ဒေသအသီးသီးမှ လူမှုကူညီရေး အသင်းများ၏ ဖော်ပြချက်များအရ တစ်ပတ်အတွင်း သေဆုံးသူ လူနာ (၉၈) ဦး အထက် ရှိသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမားရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင် သေဆုံးသူ ( ၅၈ ) ဦး ရှိသည်။

စစ်ကောင်စီ၏ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ကချင်ပြည်နယ်တွင် ကိုဗစ်၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၂၀၄) ဦးရှိပြီး ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့လူနာ စုစုပေါင်း ၄၉၃၉ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ