ရွှေစက်စစ်ရှောင်စခန်းတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ ၃၂ ဦးထပ်တိုး

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ ၃၂ ဦး ထပ်မံ တွေ့ရှိခဲ့သောကြောင့် လက်ရှိအချိန်တွင် ပိုးတွေ့ရှိသူ ၄၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ရွှေစက်စစ်ရှောင်စခန်းတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ ၃၂ ဦးထပ်တိုး

 

ဖျားနာသူများအား အဓိကထား၍ စစ်ဆေးခြင်းဖြစ်ပြီး ကျန်းမာရေး အခြေအနေဆိုးဝါးသူများ မရှိကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“လူ ၅၀ ကိုစစ်တာ ၃၂ ဦးပြန်တွေ့တယ်။ လက္ခဏာပြတဲ့သူတွေ ဖျားနာတဲ့သူတွေကို အဓိကထားပြီးစစ်လိုက်တာ အသက်အရွယ်ကတော့ပေါင်းစုံပါတယ်။ အသက် ၇၇ နှစ်အရွယ်အထိကိုပါတယ်။ မြို့နယ်ကျန်းမာရေးဌာနကနေ လာစစ်ပေးတာ။ ပိုးတွေ့လူနာတွေက များသောအားဖြင့် နှာစေး၊ ချောင်းဆိုးတာတွေလောက်ပဲရှိပါသေးတယ်။ ဆိုးဆိုးဝါးဝါးဖြစ်တာကတော့ မရှိသလောက်ပါပဲ”ဟုပြောသည်။
လက်ရှိတွင် ပိုးတွေ့ရှိသူများအား ရွှေစက်အသင်းတော်မှ တတ်နိုင်သလောက်ကူညီကြည့်ရှုပေးနေသော်လည်း ရေရှည်အတွက် အစားအသောက် အကူအညီများ လိုအပ်နေကြောင်း သူကဆက်ပြောသည်။
ရွှေစက်ရပ်ကွက်ရှိ စစ်ရှောင်စခန်းတွင် ဇူလိုင်လ ၂၆ ရက်နေက ပထအကြိမ်အဖြစ် ၁၈ဦး စစ်ဆေးကြည့်ရာ ၁၆ ဦး ပိုးတွေ့ရှိခဲ့ပြီး ယနေ့ ဒုတိယအကြိမ်အဖြစ် ၅၀ ဦး စစ်ဆေးကြည့်ရာတွင် ၃၂ ဦးတွေ့ရှိခဲ့သဖြင့် နှစ်ရက်အတွင်း စုစုပေါင်း ပိုးတွေ့လူနာ ၄၈ ဦးရှိပြီဖြစ်သည်။
အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ခြေပေါင်း ၈၀ ခန့်နှင့် လူဦးရေစုစုပေါင်း ၆၀၀ ကျော်ရှိသည်ဟု သိရသည်။
ရွှေစက်စစ်ရှောင်စခန်းအပြင် ဂျန်မိုင်ကောင်း RC စစ်ရှောင်စခန်း၊ မိုင်းနား KBC စစ်ရှောင်စခန်း၊ အင်ဂျန်ဒုံ KBC စစ်ရှောင်စခန်းများတွင်လည်း ကိုဗစ်ပိုးတွေ့ရှိသူ တစ်ရက်ထက် တစ်ရက်ပိုများလာနေသည်။

မြစ်ကြီးနားမြို့တွင် ကိုဗစ်၁၉ တတိယလှိုင်းအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၃၇ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း The 74 Media မှ ရရှိသောအချက်အလက်များအရ ဇူလိုင်လ ၂၁ ရက်နေ့နောက်ပိုင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆၀ ဦးထက်မနည်း ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ