ဝိုင်းမော်မြို့ မိုင်းနားစစ်ရှောင်စခန်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ KBC စစ်ရှောင်စခန်းတွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ ၄ ဦးရှိပြီး စခန်းမှ ဖျားနေသူ ၃၆ ဦးကို ကိုဗစ်ပိုးလာရောက်စစ်ဆေးပေးခြင်း မရှိသောကြောင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

မိုင်းနားကျေးရွာရှိ KBC စစ်ရှောင်စခန်းအတွင်းမှ ဖျားနာနေသူ ၃၆ ဦးကို ဝိုင်းမော်ဆေးရုံကြီးမှ သောက်ဆေးပေး၍ သုံးရက်ကျော်ပြီး မသက်သာလျှက် ကိုဗစ်ပိုး စစ်ဆေးပေးမည်ဟု ပြောသောကြောင့် စိုရိမ်မှုများ ရှိနေခြင်းဖြစ်သည်ဟု စခန်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“Camp မှာလိုက်ပတ်ပြီး ကြည့်တော့ ဖျားနေတဲ့သူ ၃၆ ယောက်တွေ့ခဲ့တယ် အဲ့ဒါကြောင့် ဆေးလာစစ်ပေးဖို့ တောင်းဆိုတဲ့အခါ ဒီနေ့တော့ သောက်ဆေးတွေ လာပေးသွားတယ် နောက်သုံးရက်နေလို့ မသက်သာရင် ပြန်လာစစ်ပေးမယ်လို့ပြောတယ်။ ဖြစ်နိုင်ရင် စခန်းတစ်ခုလုံးကို စစ်လိုက်ချင်တယ် ပိုးက စခန်းတစ်ခုလုံး ပြန့်နေပြီလားဆိုတာ စိုးရိမ်နေကြတာ” ဟု သူကပြောသည်။

စခန်းတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် စခန်းတွင် သွားလာမှုကန့်သတ်ထားကာ အစားအသောက် အထောက်အပံ့များလည်း မရရှိသောကြောင့် အခက်အခဲနှင့် ကြုံနေရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“ကိုဗစ်ဖြစ်ပြီး Lockdown ချပြီးနောက်မှာ တစ်နိုင်တစ်ပိုင်ကူတဲ့သူတော့ရှိတယ်။ WFP ကတော့ ဒီလအတွက်မရောက်သေးဘူး ဒါပေမဲ့ နောက်လမှ ပေါင်းပေးမယ်လို့တော့ပြောတယ်” ဟုသူကပြောသည်။

စစ်ရှောင်စခန်းတွင် ပိုးတွေ့မှုနှုန်းမြှင့်တက်လာပြီး အရေးပေါ်အခြေအနေဖြစ်လာပါက ဆေးရုံသို့သွားရန် ကားတစ်စီးခန့် လိုအပ်ကြောင်း သူကပြောသည်။

“ကျွန်တော်တို့ camp မှာ လူများတော့ ရောဂါဖြစ်လာရင် ပို့ဆောင်ပေးဖို့အတွက် ကားအသေးတစ်စီးတော့ အရေးပေါ် လိုနေတယ်၊ ကျွန်တော်တို့ ဆီမှာ ဆိုင်ကယ်ဘဲရှိတယ် ဆိုင်ကယ်နဲ့ခေါ်သွားလို့ လူနာက ရိုးရိုးဖျားနာရင် ကိစ္စမရှိဘူး ဒါပေမဲ့ ကိုဗစ်ဖြစ်နေရင် သူ့ကို ကူညီတဲ့သူတွေကော ကူးလာနိုင်တယ် အဲ့လိုဆိုရင်က ကျွန်တော်တို့ ခက်သထက် ခက်လာနိုင်တယ်” ဟုသူကပြောသည်။

စစ်ရှောင်စခန်းတွင် ဇူလိုင်လ ၂၄ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့လူနာ နှစ်ဦးရှိခဲ့ပြီး ထိစပ်သူနှစ်ဦးကို ဇူလိုင် ၂၅ ရက်တွင် စစ်ဆေးရာ ပိုးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၅၃၂ စုရှိပြီး လူဦးရေ စုစုပေါင်း ၂၉၁၆ ဦးနေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ