ဗန်းမော်မြို့ ရွှေကျေးနားရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ရွှေကျေးနားရပ်ကွက်ရှိ တံခွန်တိုင် ဘုန်းကြီးကျောင်းဝင်း ပွဲဇာတ်ရုံတွင် နေထိုင်ကြသည့် စစ်ရှောင်ပြည်သူများ အစားအသောက်ခက်ခဲဖြစ်နေကြောင်း သိရသည်။

စစ်ရှောင်များသည် ယခင်က နေ့စားကျပန်း အလုပ်လုပ်ကိုင်ကြပြီး ယခုကိုဗစ်ကာလတွင် အလုပ်အကိုင်ခက်ခဲသောကြောင့် စားဝတ်နေရေးခက်ခဲနေခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်းမှ ကိုအောင်ဇော်ဝင်းက The 74 Media ကိုပြောသည်။
“ယောကျာ်းသားတွေကတော့ သင်္ဘောဆိပ်က ကုန်ထမ်းခေါ်တိုင်းသွားပါတယ်။ တခြားဘယ်ကလာခေါ်ခေါ် သွားကြတယ်။ ခုတော့မလုပ်ရတော့ဘူးဗျ။ ရောဂါကြောင့် ခုဆိုပိုဆိုးမခေါ်ကျတော့ဘူးလေ။ ဝင်ငွေမရှိတော့ စားဝတ်နေရေးခက်လာတာ” ဟုသူကပြောသည်။
ယခင် ကိုဗစ် တတိယလှိုင်းမတိုင်ခင် အစားအသောက်အတွက် ဘုန်းကြီးကျောင်းမှ ဆွမ်းများနှင့် အနည်းငယ် ချောင်လည်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပြီးနောက် စစ်ရှောင်ပြည်သူများ အစားအသောက် ပိုမိုခက်ခဲလာသည်ဟု သူကဆက်ပြောသည်။
“အခု အရေးတကြီးလိုအပ်နေတဲ့ အကူအညီဆိုရင် အစားအသောက်လို့ ပြောရမှာပဲ။ ဘုန်းကြီးကျောင်းကတော့ အရင်တုန်းက အစားအသောက်အရမ်းပေါပါတယ်။ အခုနောက်ပိုင်း ကိုဗစ်က ပိုပြီးဆိုးလာတဲ့ချိန်ကြတော့ ဘုန်းကြီးကျောင်းက ဆွမ်းခံမကြွတော့ဘူး။ ကိုယ်ဟာကိုယ်ပဲ ချက်ပြီးမှစားကြတာ။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း သွားမယူတော့ဘူး။ အဲဒါကြောင့် အခက်အခဲဖြစ်တာပေါ့” ဟုပြောသည်။
တံခွန်တိုင် ဘုန်းကြီးကျောင်းဝင်း ပွဲဇာတ်ရုံတွင်နေကြသည့် စစ်ရှောင်ပြည်သူများသည် လွန်ခဲ့သည့် မတ်လက စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ၊ ကုန်းလောကျေးရွာနှင့် နွယ်လန်းကျေးရွာမှ တိမ်းရှောင်လာသူများဖြစ်သည်။
ဘုန်းကြီးကျောင်းတွင် တိုက်ပွဲစတင်ရှောင်သိမ်းချိန်၌ မိုးမောက်မြို့နယ်မှ လူဦးရေ ၂၀၀ ကျော်ခန့် ရှိသော်လည်း ယခုချိန်၌ စစ်တပ်နှင့်နီး၍ နေအိမ်သို့ပြန်ရန် အခက်အခဲရှိသည့် လူဦးရေ ၆၀ ဝန်းကျင်မျှသာကျန်ရှိသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတို့ မတ်လလယ်မှ မေလ လယ်ထိတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသောကြောင့် ဒေသခံပြည်သူ အများအပြား နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ