ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးကြီးကို ပြန်လည်ဖွင့်လှစ်

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ယနေ့ ဇူလိုင် ၂၁ ရက်နေ့၊ နံနက်ပိုင်းမှ စ၍ ပြန်လည်ဖွင့်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးကြီးကို ပြန်လည်ဖွင့်လှစ်

 

ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာ၊ ကိုဗစ်အနံ့ပျောက်၊ အရသာပျောက်လူနာများကိုသာ လက်ခံမည်ဟု သိရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့ ဆေးရုံစဖွင့်တယ်၊ လူနာတွေကို ဒီနေ့လက်ခံတာ၊ ရိုးရိုးဖျားတာဆိုရင် မလာနဲ့တဲ့၊ အနံ့ပျောက် အရသာပျောက်လာလို့ရတယ်ပြောတယ်၊ ကြီးကြီးမားမားဖြစ်ရင်လာလို့ရတယ် သန့်ရှင်းရေး အကုန်လုပ်ပြီးပြီပြောတယ်၊ လူနာသုံးယောက်ကိုတော့တွေ့ခဲ့တယ်” ဟုသူကပြောသည်။
ဆေးရုံတွင် ဆေးရုံအုပ်အပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၀ ယောက်ခန့်ရှိပြီး ကြက်ခြေနီဝတ်စုံ ဝတ်ဆင်ထားသူများကိုလည်း တွေ့ရကြောင်း သူကဆက်ပြောသည်။
ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအားလုံး CDM လှုပ်ရှားမှုတွင်ပါဝင်လာပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ ဆေးရုံပိတ်ထားခြင်းဖြစ်သည်။
ဆေးရုံဖွင့်လှစ်ထားမှုနှင့် ပတ်သက်ပြီး လက်ရှိ ဆေးရုံအုပ်အနေဖြင့် တာဝန်ယူဆောင်ရွက်နေသူ ဒေါက်တာ ဂွမ်ဆိုင်းလီကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါ။
ဖားကန့်မြို့နယ်တွင် ကိုဗစ်လူနာများကို ထားရှိရန်နှင့် ကုသရန်အတွက် ယူမာအိုးအိမ်စင်တာနှင့် သီတဂူဆေးရုံတို့တွင် ကုသမှုများ နေ့စဉ်ပြုလုပ်နေပြီး ယခုအချိန်တွင် ပြည်သူ့ဆေးရုံပါ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာနှင့် သံသရလူနာများ နေ့စဉ်များပြားလာလျက်ရှိပြီး ကိုဗစ်လက္ခဏာများဖြင့် သေဆုံးသည့်လူနာများလည်း နေ့စဉ်ရှိနေကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ