ဖားကန့်မြို့နယ် ရှဒူးဇွပ်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာ

ကချင်ပြည်နယ်၊ လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာတွင် သုံးရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာ

 

မှော်ဒေသဖြစ်သည့်အတွက် ကျေးရွာအဝင်အထွက်များကို မတင်းကျပ်နိုင်သည့်အပြင် ကိုဗစ်ပိုးစစ်ဆေးနိုင်မှု အားနည်းနေသေးသည့်အတွက် ကိုဗစ်ပိုးတွေ့ရှိသူများလာခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့က ခရီးသွားရာဇဝင်သိပ်မရှိပေမယ့် ရွှေမှော်ဆိုတော့ အဝင်အထွက်တွေအများကြီးရှိတာပေါ့။ အဝင်အထွက်တွေကိုလည်း ကိုဗစ်စစ်ဖို့မလုပ်နိုင်သေးတာတွေလည်း ရှိသေးတာပေါ့။ ဆိုင်ပိတ်တာတွေကတော့ အများပိုင်းပိတ်ပြီး ပါဆယ်စနစ်နဲ့ရောင်းချဖို့ပြောပေမယ့် လိုက်နာမှုမရှိတဲ့သူတွေလည်း ရှိနေသေးတာပေါ့။ ဒီနေ့တောင် အားလုံးကိုမစစ်ပြီးသေးဘူး ငါးဦးတော့ပိုးတွေ့ပြီ” ဟုသူကပြောသည်။
လက်ရှိတွင် ပိုးတွေ့လူနာများကို ရှဒူးဇွပ်ရှိ အထက စာသင်ကျောင်းတွင် ထားရှိပြီး ထိစပ်လူနာများကိုလည်း စစ်ဆေးမှုမှား ပြုလုပ်သွားမည်ဖြစ်ကြောင်းသူက ဆက်ပြောသည်။
ကိုဗစ်၁၉ ပိုးတွေ့လူနာများ၏ နေအိမ်များကိုလည်း လော့ဒေါင်းချထားကြောင်း သိရသည်။
ရှဒူးဇွပ်တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ၃၅ ဦးအား ကိုဗစ်ပိုးစစ်ကြည့်ရာ ၁၅ ဦးတွေ့ရှိပြီး ယမန်နေ့ ၂၀ ရက်နေ့တွင် ၅၅ ဦးထပ်မံစစ်ဆေးကြည့်ရာ ၂၉ ဦးထပ်မံတွေ့ရှိ၍ ယနေ့စစ်ဆေးမှုမပြီးဆုံးသေးသော်လည်း ငါးဦးပိုးတွေ့လျက်ရှိရာ စုစုပေါင်း ပိုးတွေ့လူနာ ၅၀ ခန့်ရှိလာပြီဖြစ်သည်။

ရှဒူးဇွပ်ကျေးရွာသည် ဖားကန့်မြို့နယ်ရှိ ကျေးရွာတစ်ခုဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၂၈၈ ဦးနေထိုင်ရာ ဒေသဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ