မိုးညှင်းမြို့မှ သံဃာတော်၊ သီလရှင် အပါအဝင် စုစု​ပေါင်း ၄၅ ဦး ကိုဗစ် ကူးစက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပုညရှင်ဘုန်းကြီးကျောင်း၊ ပညာရောင်ခြည်စာသင်တိုက်၊ အရိယာဝံသကျောင်းတို့မှ ဆရာတော်/သံဃာတော်၊ သီလရှင်နှင့် ယောဂီများအား ကိုဗစ်ပိုးစစ်ဆေးကြည့်ရာ စုစုပေါင်း ၄၅ ဦးတွင် ပိုးတွေ့ရှိသည်ဟု သိရသည်။

ခရီးသောရာဇဝင်ရှိသော ပိုးတွေ့လူနာနှင့် ဆက်စပ်မှုရှိသောကြောင့် စစ်ဆေးကြည့်ရာမှ ပိုးတွေ့ရှိသည်ဟု အမည်မ​ဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“တချို့သံဃာတော်တွေက ခရီးကပြန်လာပြီး ကိုဗစ်ပိုးတွေ့တာရှိတယ်လို့ ပြောတယ်။ အဲ့လိုခရီးသွားရာဇဝင်ရှိတဲ့ ပိုးတွေ့ဆရာတော်နဲ့ ဆက်စပ်တဲ့သံဃာတော်တွေ သီလရှင်တွေကို ဒုတိယအကြိမ် ကိုဗစ်စစ်တော့ ပိုးတွေ့တာပဲ”ဟု ပြောသည်။
ကျောင်းထိုင်ဆရာတော်နှင့် သံဃာတစ်ပါးတို့တွင် ဆီးချိုရောဂါအခံရှိသဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီးတွင် အထူးစောင့်ကြည့်ကုသပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများအား ပုညရှင်ကျောင်းတိုက်တွင် ကုသပေး​နေသည်ဟု ​ပြောသည်။
ကိုဗစ် ၁၉ ကပ်​ရောဂါ စတင်ဖြစ်ပွားချိန် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် အဆိုပါ ပုညရှင်ကျောင်းဆောင်တွင် ကိုဗစ်လူနာများအား Quarantine ထားခဲ့ကြောင်း သူကဆက်ပြောသည်။
ကိုဗစ်ပိုး​တွေ့ရှိသူများသည် ပုညရှင်ဘုန်းကြီးကျောင်းမှ သံဃာတော်၊ သီလရှင်နှင့် ယောဂီအပါအဝင် ပိုးတွေ့ရှိသူ ၄၀ဦး၊ ပညာရောင်ခြည်စာသင်တိုက်မှ လေးဦးနှင့် အရိယာဝံသကျောင်းမှ တစ်ဦး စုစုပေါင်း ၄၅ ဦး ပိုးတွေ့ရှိသည်ဟု သိရသည်။
မိုးညှင်းမြို့တွင် ယနေ့တစ်ရက်အတွင်း နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ် ပိုးတွေ့လူနာ ၁၇ ဦးနှင့် မိုးညှင်းမြို့တွင် ၇၃ ဦးဖြစ်ကာ စုစုပေါင်း ၉၀ ဦးတွေ့ရှိကြောင်း မိုးညှင်းခရိုင်ဆေးရုံထံမှ သိရသည်။

ပုံ/ ၂၀၂၀ခုနစ်အတွင်းက မိုးညှင်းမြို့ရှိ ပုညရှင်ဘုန်းကြီးကျောင်းအား Quarantine Center အဖြစ်​တွေ့ရစဥ်။

သင့်ထင်မြင်ချက်ရေးပေးပါ