မိုးမောက်တွင် အဓ္ဓမပြုကျင့်သတ်ဖြတ်ခံရသော အသက် ၅၁ နှစ်အရွယ်အမျိုးသမီး၏ မိသားစုကို စစ်တပ်က ပိုက်ဆံဖြင့် လာတောင်းပန်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် တပ်ပြေး စစ်သား သုံးဦး၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ၅၁ နှစ်အရွယ် အမျိုးသမီး၏ မိသားစုဝင်များအား စစ်ကောင်စီတပ်မှ ငွေကျပ် ၂၁သိန်းဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်းသိရသည်။

 

သေဆုံးသူ အမျိုးသမီး၏ မိသားစုထံသို့ တပ်မ ၈၈ နှင့် ခမရ ၆၁၆ တို့သည် ကျပ် ၂၁ သိန်းဖြင့်လာရောက်တောင်းပန်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့က သေဆုံးခဲ့တဲ့ မိသားစုကို စစ်တပ်က ၂၁ သိန်းလာပေးတယ်လေ။ တပ်မ ၈၈ က သိန်း၂၀တဲ့။ ၆၁၆ က ၁ သိန်းတဲ့။ ပေါင်းတော့ ၂၁ သိန်း” ဟုပြောသည်။

ထို့အပြင် သတ်ဖြတ်ခံရသော အမျိုးသမီး၏ အဝတ်အစားများကိုလည်း စစ်ကောင်စီက စစ်ဆေးရန်ဟုဆိုကာ ယူဆောင်သွားကြောင်း သူက ဆက်ပြောသည်။

သေဆုံးသွားသော အမျိုးသမီးသည် ဇူလိုင်လ ၁၄ရက်နေ့ နံနက် ၁၀နာရီခန့်က မျိုးစပါးကျဲရန် လယ်တောသို့ သွားချိန်တွင် တပ်ပြေး စစ်သား သုံးဦးက ဓမ္မပြုကျင့် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ အမျိုးသမီး၏ ရုပ်ကလပ်သည် သေဆုံးပြီး နှစ်ရက်အကြာမှ ဗန်းမော်ဆေးရုံ၌ ခွဲစိတ်စစ်ဆေးရန် ပို့လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗန်းမော်ကို ခွဲစိတ်ဖို့ယူသွားတော့ ဆရာဝန်က အဝတ်အစားလိုတယ်ဆိုပြီး ရဲတွေကို ဖုန်းဆက်တယ်။ သူ့ခန္ဓာကိုယ်ကို စစ်ဖို့ကြတော့ ကြည့်လို့တောင်မရတော့ဘူးတဲ့။ အားလုံးပုတ်သွားတယ်ပေါ့နော်။ အဲဒါကြောင့် အဝတ်အစားမှာ စစ်ဖို့လုပ်လိုက်ကြတယ်။ မုဒိန်းမှုမြောက်/မမြောက်တော့ ဒီအမျိုးသမီးရဲ့ အဝတ်အစားတွေ စစ်ဖို့ မန္တလေးကိုပို့လိုက်တယ်တဲ့။ တကယ်တမ်းဆို အဖြေက ထွက်နေပြီ” ဟုပြောသည်။

မြန်မာ့အလင်းသတင်းစာတွင် ထိုအမျိုးသမီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးက သတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်သည့်အပြင် အဆိုပါ စစ်သား သုံးဦးကို နယ်မြေခံတပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးသည် အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောဆိုခဲ့သော်လည်း မြန်မာ့အလင်းသတင်းစာတွင် အခြားပြစ်မှုများ ကျူးလွန်မှုရှိ၊ မရှိစစ်ဆေးမည်ဟုသာ ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ