ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အရက်ကြောင်ပြီး ကလေးပွေ့ပြေးသူကို ရပ်ကွက်နေပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီကျော်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူသည် အရက်ကြောင်ပြီး ၈ လက်မအရှည်ရှိဓားတစ်လက်ကိုင်ဆောင်ကာကလေးကို ပွေ့ပြေးခဲ့သဖြင့် ရွှေညောင်ပင်ရပ်ကွက်တွင် ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်ဟု အမှတ် ၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဦးကျော်ဇေယျာက ပြောသည်။
“သူကအရင်ရက်က ရပ်ကွက်နေပြည်သူတွေနဲ့ ပြဿနာတက်တယ်။ သူ့မိန်းမနဲ့ရန်ဖြစ်ထားတယ်။ ဒါကြောင့် ရပ်ကွက်ကလူတွေက ရဲတိုင်မယ်လို့ပြောထားတော့ အရက်ကြောင်ပြီး ရဲလာရင်အဖမ်းခံမှာကို စိုးရိမ်ပြီး အိမ်နီးချင်းကလေးကို ပွေ့ပြေးတာပါ။ တစ်စုံတစ်ခု ခြိမ်းခြောက်တောင်းဆိုဖို့တော့မဟုတ်ဘူး” ဟုပြောသည်။
ပြစ်မှုကျူးလွန်သူသည် ကလေးပွေ့ချီချိန်တွင် ဓားကိုင်ဆောင်ထားသော်လည်း ကလေးငယ်တွင် ထိခိုက်ဒဏ်ရာရ မရရှိခဲ့ဟု သူက ဆက်ပြောသည်။
ပြစ်မှုကျူးလွန်သူ ဦးအောင်ထွန်းနိုင်၊ အသက် ၂၈ နှစ်ကို အသက်မပြည့်ကလေးသူငယ်ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၆၄ နှင့် လက်နက်ကိုင်ဆောင်မှုအတွက် ပုဒ်မ ၁၉ (င) နှင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။
ပြစ်မှုကျူးလွန်ကြောင်း တရားရုံးကစစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

သတင်း – Ah Htoi

Video Credit- Nyan (Facebook)

သင့်ထင်မြင်ချက်ရေးပေးပါ