နမ္မတီးမြို့

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ယနေ့ ဇူလိုင် ၁၄ ရက်၌ ကိုဗစ်၁၉ ပိုးတွေ့လူနာ ၁၂ ဦးရှိကြောင်း သိရသည်။

ကိုဗစ်၁၉ ပိုးတွေ့သူများသည် ယမန်နေ့က အနံ့ပျောက်နေသူများဖြစ်ပြီး ခရီးသွားရာဇဝင် မရှိသူများ ဖြစ်သည်ဟု နီးစပ်သူတစ်ဦးမှ The 74 Media ကိုပြောသည်။
“မနေ့က အနံ့ပျောက်သွားတဲ့ ၁၇ ဦးကို ဒီနေ့စစ်တာ ၁၂ ဦး ပိုးတွေ့တာပေါ့နော်။ ပိုးတွေ့တဲ့သူက ခရီးသွားရာဇဝင်တော့မရှိဘူး မြို့ထဲမှာပဲ သွားသွားလာလာရှိတဲ့သူတွေ။ သူတို့ထိတွေ့တဲ့သူတွေကလည်း တော်တော်လေးများနေလောက်ပါပြီ။” ဟုသူကပြောသည်။
ပိုးတွေ့လူနာများနှင့် ထိစပ်သူများကို သီးသန့်ထားရန် နေရာမရှိသောကြောင့် မိမိတို့နေအိမ်တွင်သာ လော့ဒေါင်းအနေဖြင့်နေစေပြီး ကိုဗစ်လက္ခဏာပြမှသာ စစ်ဆေးမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့လူနာများကို နမ္မတီးတိုက်နယ်ဆေးရုံနှင့် နမ္မတီး အခြေခံပညာ အထက်တန်းကျောင်းတွင် ထားရှိသည်။

ကိုဗစ်၁၉ တတိယလှိုင်းတွင် နမ္မတီးမြို့၌ ပိုးတွေ့လူနာ စုစုပေါင်း ၁၉ ဦးရှိပြီး စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိပိုးတွေ့လူနာ စုစုပေါင်း ၁၂၄၆ ဦး ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ