ချီဖွေတွင် ခရီးသွားပြည်သူများထဲမှ ခြောက်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ ချီဖွေ - ဇူလိုင် ၁၄၊ ၂၀၂၁။

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့၌ မြစ်ကြီးနားမှလာသော ဆီဘောက်ဆာ ယာဉ်မောင်းငါးဦးနှင့် ခရီးသွားအမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ချီဖွေမြို့သို့ဝင်လာသူများကို မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်၁၉ ပိုးစစ်ဆေးရာ သီးခြားစီခရီးသွားလာသည့် ယာဉ်မောင်းငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မြို့အဝင်ဂိတ်မှာ ဒီနေ့စစ်တော့ ခြောက်ယောက် ပိုးတွေ့တယ် ဆီဘောက်ဆာကားရှစ်စီးကနေ ကားသမား ငါးယောက်နဲ့ မြစ်ကြီးနားကနေပြန်လာတဲ့ အော်ချိတ်က မိန်းကလေးတစ်ယောက်ကို ပိုးတွေ့တယ်။ ပိုးတွေ့ အမျိုးသမီးနဲ့ အတူစီးခဲ့တဲ့ သုံးယောက်ကို ချီဖွေမြို့နယ် အားကစားရုံမှာထားထားတယ်” ဟုသူကပြောသည်။
ပိုးတွေ့လူနာခြောက်ဦးကို ချီဖွေမြို့နယ် ဆေးရုံတွင် ထားရှိပြီး ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း သူကဆက်ပြောသည်။
ကိုဗစ်၁၉ ကူးစက်မှုနှုန်းမြှင့်တက်လာသောကြောင့် ကချင်အထူးဒေသ ၁ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တွင် နေထိုင်သူများသည် အရေးကြီးသွားလာရန်လိုအပ်ပါက ကျန်းမာရေး ထောက်ခံစာနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားတင်ပြရန် လိုအပ်ကြောင်းသိရသည်။
ကချင်ပြည်နယ် တွင် ကိုဗစ်ပိုးတွေ့ရှိသူ များလာပြီး ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၄၀ ဦး ရှိသည်။

ကချင်အထူးဒေသ (၁) ချီဖွေမြို့နယ်သည် လူဦးရေ စုစုပေါင်း ၂၀၃၂၀ ဦး နေထိုင်သောဒေသဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ