ရွှေကူမြို့နယ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့လှမြို့တွင် စစ်ရှောင်ပြည်သူများ မိမိနေအိမ်သို့ ပြန်လာကြရန်နှင့် လူမရှိသည့်နေအိမ်များကို မီးရှို့ဖျက်စီးပစ်မည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက် ပြောဆိုမှုများရှိကြောင်း သိရသည်။

မြို့လှမြို့ထဲတွင် စစ်ကောင်စီတပ် တပ်မ ၈၈ တပ်စွဲထားပြီး တိုက်ပွဲရှောင်နေသည့် ပြည်သူများ နေအိမ်သို့ပြန်မလာပါက နေအိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ပာု ခြိမ်းခြောက်သဖြင့် ဒေသခံအချို့နေရပ်ပြန်သွားသည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အခုရွာကထွက်တဲ့သူတွေကို ပြန်ခေါ်လို့ ပြန်သွားကြတဲ့လူတွေရှိတယ်။ သူတို့တွေ မြို့လှကို ပြန်သွားကြရတာ။ အိမ်မှာ လူမရှိရင် မီးအားလုံးရှို့မှာလို့ ပြောလို့” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က တပ်စွဲထားသည့် ကျေးရွာတွင် ပြန်လည်နေထိုင်ပါက ပြည်သူများအနေဖြင့် လူသားဒိုင်းအဖြစ်အသုံးချခံရမည်ကို စိုးရိမ်နေကြကြောင်း အခြားဒေသခံတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရပ်ကွက်ထဲမှာ ဒေသခံတချို့တွေတော့ရှိတယ်လေ။ သူတို့ကနေတစ်ဆင့်ပြောပြလို့ သိရတာ။ တချို့ကြတော့ စစ်ရှောင်နေကြတာ။ အခု စစ်ရှောင်နေတဲ့သူတွေကို ပြန်လာနေဖို့ခေါ်နေတာတဲ့။ ကေအိုင်အေတွေ ပြန်လာတိုက်ရင် ပြည်သူနဲ့အကာအကွယ် လုပ်မယ်ထင်တယ်။ အဲ့ဒါပဲ စိုးရိမ်တယ်” ဟုသူကပြောသည်။
ရွှေကူ မြို့လှမြို့တွင် ဇူလိုင် ၉ ရက်နေ့က ကေအိုင်အေနှင့် ဒေသခံ PDF တို့၏ ပူးပေါင်းတပ်သည် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်များ အသုံးပြုခဲ့ပြီး ဖုန်းတာဝါတိုင်တစ်ခု မီးလောင်ပျက်စီးခဲ့သည်။

ထိုတိုက်ပွဲအပြီးတွင် ဒေသခံ PDF ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦးပျောက်ဆုံးနေကြောင်း ကျဆုံးသွားသည့် PDF မိသားစုဝင်များထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ