ဖားကန့်တွင် ​ရေမဆေးကျောက်ရှာဖွေသူတစ်ဦး မြေစာပုံမှ ကျလာသည့် ကျောက်ခဲထိမှန်သေဆုံး

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စိန်လုံလုပ်ကွက်ဟောင်းအတွင်း ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး ဇူလိုင်လ ၆ ရက်နေ့ နေ့လည် ၂ နာရီခန့်က ဦးခေါင်းတွင် ကျောက်ခဲထိမှန် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် ​ရေမဆေးကျောက်ရှာဖွေသူတစ်ဦး မြေစာပုံမှ ကျလာသည့် ကျောက်ခဲထိမှန်သေဆုံး

 

သေဆုံးသူသည် အသက် (၃၄) နှစ်အရွယ် ဦးဒါရှီနော်အောင် ဖြစ်ပြီး အမြင့်ပေ ၆၀၀ ခန့်ရှိ မြေစာပုံမှ ကျလာသည့် ကျောက်ခဲထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု လိုက်ပါကူညီပေးသူတစ်ဦးက The 74 Mediaကို ပြောသည်။
“ခန့်မှန်း အမြင့်ပေ ၆၀၀ လောက်က ကျောက်ခဲမှန်လို့ အဲ့နေရာမှာ ခေါင်းထိပြီး ပွဲချင်းပြီး ဆုံးတာ၊ မိုးအရမ်းရွာလို့ မြေစာတွေက ပျော့နေတာ အဲ့တာ ခဲလိမ့်ကျခဲ့တာ၊ တောင်ပေါ်က ခဲက သူ့ကိုမှန်တာ သူက တောင်အောက်မှာ ရေမဆေးရှာနေတာ” ဟုသူကပြောသည်။
သေဆုံးသူသည် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာမှ ရေမဆေးလာရောက် ရှာဖွေသူဖြစ်ကြောင်း သူကဆက်ပြောသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ကျေးရွာတစ်ချို့တွင် မေလ ၃၀ ရက်နေ့မှ ယနေ့ချိန်ထိ မြေစာပြိုကြမှုများကြောင့် အမျိုးသား ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိပြီဖြစ်သည်။
ဖားကန့်မြို့နယ်ရှိ ရွှေကျောက်တူးဖော်သော လုပ်ကွက်မြေစာပုံများသည် မိုးရာသီတွင် မြေပြို၊ ကျင်းပြို၍ နှစ်စဉ် လူအသေအပျောက်ပိုများကြောင်းသိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လုပ်ကွက်ဟောင်းအတွင်း မြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ