အိမ်တက်ဖိတ်စာပါ နေအိမ်ပုံဖြစ်သည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ လဝမ်ရပ်ကွက်(၂) တွင် ယနေ့နံနက် လေးနာရီခွဲခန့်က စစ်ကောင်စီတပ်များက နေအိမ်တစ်အိမ်သို့ ဝင်ရောက်လာပြီး သေနတ်ဖောက်ကာ နေအိမ်အတွင်းရှိပြည်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

အိမ်သစ်တက် ဆုတောင်းပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် အိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတင်းရသည်ဟုဆိုကာ အိမ်ရှင်အပြင် ဧည့်သည်များနှင့် ပွဲတွင်လာရောက်ကူညီနေသူများကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီမနက်အစောကြီး လေးနာရီလောက်ကစပြီး သေနတ်သံတွေ အဆက်မပြတ်ပြန်ကြားရတယ်။ အဲ့အိမ်က အိမ်သစ်တက်ပွဲဆုတောင်းဖို့ရှိတာ။ သတင်းကြားလို့ရောက်လာတယ် ပြောတယ်။ ဘာသတင်းကြားလဲတော့ မပြောတတ်ဘူး။ အဲ့ဒါမနေ့ညက ချက်ပြုတ်တဲ့အဖွဲ့တွေအဲ့မှာအိပ်ကြတယ်။ ဒီမနက်ဆုတောင်းဖို့ပြင်ဆင်နေတုန်း စစ်ကားနှစ်စီးနဲ့ ရောက်လာပြီး ဝိုင်းထားကြတာ”ဟု ပြောသည်။
လက်ရှိတွင် နေအိမ်ကို သော့ခတ်ထားပြီး အိမ်နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်များ လှည့်လည် စောင့်ကြည့်နေကြောင်း သူကဆက်ပြောသည်။
အဆိုပါနေအိမ်သည် ဦးအင်ဂေါင်ဇော်အောင်၏ နေအိမ်ဖြစ်ပြီး သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသော်လည်း ကလေးရှစ်ဦးနှင့် လူကြီး ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကနဦးသိရသည်။
ဝိုင်းမော်မြို့ ဗလမင်းထင်တံတားအနီးရှိ မိုင်းနားစုပေါင်းဂိတ်ကို ကေအိုင်အေက ဇွန်လ ၂၃ ရက်ညတွင် တိုက်ခိုက်ခဲ့ပြီးသည်။

– အိမ်တက်ဖိတ်စာပါ နေအိမ်ပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ