မြန်မာနိုင်ငံမှာ R2P ဝင်လာနိုင်သလား

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် ပြည်သူအများ၏ မျှော်လင့်ချက်တွင် Responsibility to Protect ဟုခေါ်သည့် R2P လည်းတစ်ခုအပါအဝင် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် R2P ဝင်လာနိုင်သလားဆိုသည့် မေးခွန်းကို မဖြေမှီ R2P ၏ သမိုင်းကြောင်းကို ဦးစွာဖော်ပြလိုပါသည်။

 

 

R2P ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

၁၉၉၀ နှစ်များအတွင်း ဘော်လ်ကန်ကျွန်းစုနိုင်ငံများနှင့် ရဝမ်ဒါနိုင်ငံတွင် လူမျိုးသုန်းသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးရန် သို့မဟုတ် ကြားဝင်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

ထို့ကြောင့် ၁၉၉၉ ခုနှစ်မှ စတင်ကာ ထိုအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုဖီအာနန်က ဆိုးဝါးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမျိုးသုန်းသတ်ဖြတ်မှုများကို တားဆီးရန် နိုင်ငံပေါင်းစုံဝိုင်းဝန်းစဉ်းစားအဖြေရှာကြရန် တိုက်တွန်းခဲ့ရာမှ Responsibility to Protect စတင်သန္တေတည်လာသည်ဟု ဆိုနိုင်သည်။

 

ထို့နောက် ၂၀၀၅ ခုနှစ်တွင်ကျင်းပသည့် ကုလသမဂ္ဂကမ္ဘာ့အစည်းအဝေး (UN World Summit Meeting) တွင် အဖွဲ့ဝင်နိုင်ငံအားလုံးက Responsibility to Protect ၏ အခြေခံမူဝါဒများကို သဘောတူလက်ခံခဲ့ကြသည်။

R2P တွင် ဒေါက်တိုင်ကြီး သုံးရပ်ရှိသည်။ ပထမဒေါက်တိုင်မှာ အစိုးရတစ်ရပ်ရပ်သည် သူ၏အချုပ်အခြာအာဏာကိုအသုံးပြုပြီး ပြည်သူလူထုကို လူမျိုးသုန်းသတ်ဖြတ်ခြင်း၊ တိုင်းရင်းသားလူမျိုးစုများကို ဖယ်ရှားရှင်းလင်းခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်မှုများမှ ကာကွယ်ရမည်။

ဒုတိယဒေါက်တိုင်မှာ အစိုးရတစ်ရပ်ရပ်က သူ၏တာဝန်ဝတ္တရားကို ဆောင်ရွက်နိုင်စေရန် နိုင်ငံတကာအသိုင်းအဝိုင်းသည် ကုလသမဂ္ဂမှတဆင့် သံတမန်ရေးရာ၊ လူသားချင်းစာနာမှုနှင့် အခြားငြိမ်းချမ်းသည့်နည်းလမ်းများ စသည့် သင့်တော်သည့်နည်းလမ်းဖြင့် ကူညီပေးရမည်။

နောက်ဆုံးဒေါက်တိုင်မှာ အစိုးရတစ်ရပ်ရပ်က ပြည်သူလူထုကို လူမျိုးသုန်းသတ်ဖြတ်ခြင်း၊ တိုင်းရင်းသားလူမျိုးစုများကို ဖယ်ရှားရှင်းလင်းခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများကျူးလွန်မှုများမှ ကာကွယ်ရန်ပျက်ကွက်ပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ကြားဝင်မှုသည်လည်း လုံလောက်မှုမရှိပါက နိုင်ငံတကာအသိုင်းအဝိုင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ကုလသမဂ္ဂသဘောတူညီချက် (UN Charter) တွင်ပြဋ္ဌာန်းထားသည့်အတိုင်း အချိန်နှင့်တပြေးညီ တစ်စုတစ်စည်းတည်း တိကျပြတ်သားစွာ စစ်ရေးဖြင့်ကြားဝင်ကာကွယ်ပေးမည်ဟု ဖော်ပြထားသည်။

ဖော်ပြပါနောက်ဆုံးဒေါက်တိုင်သည် အရေးကြီးပြီး မြန်မာနိုင်ငံမှပြည်သူများ မျှော်လင့်နေသည်ဟု ဆိုလျင်လည်း မှားမည်မထင်ပါ။

သို့သော် စစ်ရေးဖြင့်ကြားဝင်ကာကွယ်ပေးခြင်းသည် တတိယဒေါက်တိုင်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ကုလသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြေပြင်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို စုံစမ်းရန်နှင့် အကြံပေးရန် အချက်အလက်ရှာဖွေရေးမစ်ရှင်များ ခန့်အပ်တာဝန်ပေး စေလွှတ်ခြင်း၊ အကြပ်အတည်းဖြစ်နေသည့်ဒေသမှ ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းခြင်းအပြင် ကနဦးသတိပေးမှုများကို သိရှိနိုင်ရန် ဒေသတွင်းနိုင်ငံများနှင့် တစ်ကမ္ဘာလုံးရှိနိုင်ငံများပူးပေါင်းလုပ်ဆောင်ခြင်း တို့ပါဝင်ပါသည်။

R2P အရ နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဖျန်ဖြေမှုများ

နိုင်ငံတကာအသိုင်းအဝိုင်းက R2P သဘောတရားအရ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ကင်ညာနိုင်ငံနှင့် ၂၀၁၁ ခုနှစ်တွင် အိုင်ဗရီကိုစ့်နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများတွင် ကြားဝင်ဖျန်ဖြေမှုများရှိခဲ့သော်လည်း စစ်ရေးအရကြားဝင်ကာကွယ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးသဘောတူဆုံးဖြတ်ခဲ့သည့်နိုင်ငံမှာ လစ်ဗျားနိုင်ငံဖြစ်သည်။

လစ်ဗျားနိုင်ငံကို ၄၂ နှစ်ကျော်အုပ်ချုပ်ခဲ့သည့် အာဏာရှင်မူမာဂဒါဖီသည် အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသည့်ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့မှုများနှင့် ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကိုချမှတ်ကာ စစ်ရေးအရ အရေးယူခဲ့သည်။

အနောက်နိုင်ငံများ၏ စစ်ရေးအရဝင်ရောက်အရေးယူခဲ့သည့်နောက် လစ်ဗျားအာဏာရှင်မူမာဂဒါဖီက စေ့စပ်ညှိနှိုင်းရန် တောင်းဆိုခဲ့သော်လည်း အနောက်နိုင်ငံများက လက်မခံခဲ့ဘဲ လစ်ဗျားအစိုးရကို တော်လှန်တိုက်ခိုက်နေသူများအတွက် လေကြောင်းမှကူညီတိုက်ခိုက်ပေးခြင်း၊ အရပ်သားများကို လက်နက်တပ်ဆင်ပေးခြင်းတို့ကိုပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်မူမာဂဒါဖီကို သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် ကုလသမဂ္ဂမှတဆင့် အနောက်နိုင်ငံများ၏ လစ်ဗျားနိုင်ငံတွင် R2P ဖြင့် စစ်ရေးအရကြားဝင်မှုသည် ပြည်သူများကို ကာကွယ်ရန်အတွက်သာမဟုတ်ဘဲ အစိုးရအပြောင်းအလဲ (Regime-change) အတွက် ဖြစ်သည်ဟု ဆိုကာ တရုတ်နှင့် ရုရှားနိုင်ငံများအပါအဝင် နိုင်ငံအချို့က ဝေဖန်ခဲ့သည်။

ဤကဲ့သို့သောအခြေအနေများကြောင့် ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်း ငါးသိန်းကျော်သေဆုံးခဲ့ပြီး ငါးသန်းကျော်ခန့်နိုင်ငံဖြတ်ကျော်စစ်ဘေးရှောင်ဖြစ်ခဲ့ရသည့်တိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် R2P ဖြင့် စစ်ရေးအရကြားဝင်ရန် အမေရိကန်အစိုးရ၏တင်ပြမှုများကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာအသုံးပြုကာ အကြိမ်ကြိမ် ပယ်ချခဲ့သည်။

မြန်မာနိုင်ငံမှာ R2P ဝင်လာနိုင်သလား

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအရေးကိစ္စကို စုံစမ်းစစ်ဆေးနိုင်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် သတ်မှတ်ထား သကဲ့သို့ ၂၀၁၈ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအတွက်လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သည်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို အချက်အလက်စုဆောင်းနေပြီဖြစ်သည်။

R2P က နိုင်ငံအတွင်းသို့ဝင်ရောက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများက သဘောတူရန်လိုအပ်သည်။

ဤနေရာတွင် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကို လက်နက်နှင့် နည်းပညာရောင်းချပေးနေသည့် ရုရှားနိုင်ငံ၏ အခန်းကဏ္ဍသည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် အလွန်အရေးကြီးသည်။

တရုတ်နိုင်ငံသို့စွမ်းအင်တင်ပို့ရန်နှင့် Belt and Road Initiatives (BRI) စီမံကိန်းများအတွက် အက္ခရာကျသည့် မြန်မာနိုင်ငံအတွင်း အနောက်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အနောက်နိုင်ငံများ၏ စစ်တပ်များ ဝင်ရောက်လာမည်ကို တရုတ်နိုင်ငံက သဘောတူနိုင်မည်မဟုတ်ပါ။

လစ်ဗျားနိုင်ငံတွင် R2P မှတဆင့် အစိုးရအပြောင်းအလဲပြုလုပ်ခဲ့သဖြင့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေထက် များစွာဆိုးဝါးသည့် ဆီးရီးယားနိုင်ငံတွင်ပင် R2P ဝင်ရောက်နိုင်ခြင်းမရှိခဲ့သည်ဖြစ်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရရှိထားသည့် တရုတ်နိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း R2P ဝင်ရောက်လာနိုင်ချေ အလွန်နည်းပါးပါသည်။

ကုလသမဂ္ဂအစည်းအဝေးများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံတစ်နိုင်ငံက R2P နှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်လာပြီး ဆုံးဖြတ်ချက်ချမှတ်ရန် လိုအပ်လာပါက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့၏အကျိုးစီးပွားအတွက် ဗီတိုအာဏာအသုံးပြုကာ ပယ်ချမည်ဖြစ်သည်။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွင် R2P ဝင်လာနိုင်သလားဆိုသည့်မေးခွန်းကို ဖြေရလျင် ကုလသမဂ္ဂတွင် ဗီတိုအာဏာရှိသည်သာမက မြန်မာနိုင်ငံကို မဟာဗြူဟာအရမရှိမဖြစ်လိုအပ်နေသည့် အိမ်နီးချင်း တရုတ်နိုင်ငံရှိနေခြင်း၊ လစ်ဗျားနိုင်ငံတွင် R2P မှတဆင့် အစိုးရအပြောင်းအလဲပြုလုပ်ခဲ့သဖြင့် တရုတ်နှင့်ရုရှားနိုင်ငံတို့၏ မဟာမိတ်နိုင်ငံများကို R2P မှတဆင့်အစိုးရအပြောင်းအလဲပြုလုပ်မည်ကို စိုးရိမ်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် R2P ဝင်လာနိုင်ချေအလွန်နည်းပါးသည်ဟု ယူဆနိုင်သည်။

 

“မိမိကိုယ်သာအားကိုးရာ” ဆိုသည့် မြန်မာစကားပုံအတိုင်း စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ပြည်သူအားလုံးသည်သာ အဓိကဖြစ်ပြီး ပြည်သူ့အင်အားဖြင့်သာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *