အခက်အခဲတွေကြားထဲက CDM သူရဲကောင်းများ

“စစ်တပ်ကို မကြိုက်လို့ CDM လုပ်တာပေါ့၊ အဲထက်ရှင်းတာ မရှိတော့ဘူး”

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသက် ၃၁ အရွယ် ဦးကျော်စွာ (အမည်လွဲ) က အခက်အခဲများရှိသော်လည်း CDM တွင် ဆက်လက်ပါဝင်ရသည့် အကြောင်းအရင်းကို ပြောပြခြင်းဖြစ်သည်။

ဦးကျော်စွာ (အမည်လွဲ) သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ CDM တွင် စတင်ပါဝင်ခဲ့သည်။

ယခင်က ဝန်ထမ်းလစာဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့သော်လည်း CDM တွင် ပါဝင်သည့် အချိန်ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲ ရှိလာသည်ဟု ဆိုသည်။

“အခက်အခဲတွေတော့ရှိပါတယ်၊ သွားရေးလာရေးနဲ့ နေရေးထိုင်ရေး အခက်အခဲမရှိပေမယ့် စားရေးသောက်ရေးအခက်အခဲရှိလာတာပေါ့” ဟု ပြောသည်။

The 74 Media က တွေ့ဆုံမေးမြန်းခဲ့သည့် CDM ဝန်ထမ်းအားလုံးက စားဝတ်နေရေးအခက်အခဲရှိသည်ဟု ထုတ်ဖော်ပြောဆိုကြပြီး ရေရှည်တွင် ဆက်လက်တောင့်ခံနိုင်ရန် အကူအညီလိုအပ်နေကြသည်။

“အဓိကအရေးကြီးတာက ရေရှည်တောင့်ခံနိုင်ဖို့လိုတာပေါ့၊ ဒါကြောင့် CDM သမားတွေကိုလည်း ပြည်သူတွေအနေနဲ့ ကူညီပေးစေချင်ပါတယ်” ဟု CDM ဝန်ထမ်းတစ်ဦးကပြောသည်။

CDM ဝန်ထမ်းအချို့၏ နေရပ်လိပ်စာကို စစ်ကောင်စီက သိရှိသွားသဖြင့် ထွက်ပြေးတိမ်းရှောင် နေရသူများလည်း ရှိသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ CDM ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၂၄ အရွယ် ဒေါ်သန္တာ(အမည်လွဲ)က သူမ၏နေအိမ်ကို စစ်ကောင်စီများ သိသွားသဖြင့် လုံခြုံသည့်နေရာတွင် တိမ်းရှောင်နေသည်ဟု ဆိုသည်။

“နေရပ်လိပ်စာသိသွားတော့ ထွက်ပြေးနေရတာ၊ အခက်အခဲကတော့ အဲတာပါပဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် CDM လှုပ်ရှားမှုသည် ထင်မှတ်ထားသည်ထက်ပိုမိုအောင်မြင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အဆိုပြုခံထားရသည်အထိ နိုင်ငံတကာကလည်း အသိအမှတ်ပြုခဲ့သည်။

ကချင်ပြည်နယ်တွင် ဦးကျော်စွာ နှင့် ဒေါ်သန္တာကဲ့သို့ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းဦးရေ စုစုပေါင်း ၅၅၃၂ ဦးရှိသည်ဟု Kachin Interim Political Coordination Team (KPICT) က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်း CMD လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းအများစုမှာ ပညာရေးဌာနမှ ဝန်ထမ်းများဖြစ်ကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်လွှတ်တော်တို့သည် CDM တွင် ပါဝင်သူအနည်းဆုံးဖြစ်ကြသည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့များမှ ရဲတပ်ဖွဲ့ဝင်အချို့လည်း CDM တွင် ပါဝင်ခဲ့ကြပြီး လက်ရှိအချိန်တွင် ဘေးကင်းလုံခြုံသည့်နေရာတွင် တိမ်းရှောင်နေကြသည်။

စစ်ကောင်စီက အစိုးရယန္တရားပြန်လည်လည်ပတ်နိုင်စေရန် CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများကို ရုံးပြန်တက်ရန် ဖိအားပေးခြင်း၊ သက်ဆိုင်ရာ ရုံးမှ တရားဝင်စာထုတ်ပြန်ကာ ခြိမ်းခြောက်ခြင်းနှင့် ဝန်ထမ်းအိမ်ယာများမှ ဖယ်ရှားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

The 74 Media ၏ လေ့လာတွေ့ရှိချက်အရ မြစ်ကြီးနားပြည်သူ့ဆေးရုံနှင့် ချီဖွေပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကို CDM တွင် ပါဝင်သဖြင့် ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားမှုများရှိခဲ့ပြီး ဝန်ထမ်းအချို့က မိမိ၏ ရပ်ရွာသို့ တိမ်းရှောင်ခဲ့ရသည်။

ချီဖွေပြည်သူ့ဆေးရုံမှ ဝန်ထမ်းအချို့သည် စစ်ရှောင်ပြည်သူများဖြစ်ကြသော်လည်း ဆေးရုံတာဝန်ရှိသူများက အတင်းအကြပ်ဖယ်ရှားခဲ့သည်။

ထို့အပြင် CDM ဝန်ထမ်းများကို တာဝန်မှ ယာယီရပ်ဆိုင်ခြင်း၊ အပြီးထုတ်ပယ်ခြင်းနှင့် ဖမ်းဆီးသည်အထိ အရေးယူမှုများရှိသည်။

ထိုကဲ့သို့သော ဖိအားများကြောင့် ဝန်ထမ်းအချို့ ခံဝန်ကတိလက်မှတ်ရေးထိုးကာ ရုံးပြန်တက်ခဲ့ရသည်ဟု စည်ပင်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုစည်သူ (အမည်လွဲ) က The 74 Media ကို ပြောသည်။

“ရုံးဝန်ထမ်း ၆၁ ယောက်မှာ ၄၃ ယောက် CDM လုပ်တော့ အပြီးအပိုင်အလုပ်ထုတ်မယ်လို့ပြောတယ်၊ စာလည်း ၃ ကြိမ်ပို့ပြီးပြီ။ တချို့ကတော့ ရုံးပြန်တက်နေကြတယ်။”

CDM တွင်ပါဝင်သည့် ပညာရေးဝန်ထမ်းများကို CDM တွင် ဆက်လက်ပါဝင်မှုမရှိစေရန် စစ်ကောင်စီက မွမ်းမံသင်တန်းများခေါ်ယူ တက်ရောက်စေခဲ့သည်။

CDM တွင် ဆက်လက်ပါဝင်နေသည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးမှုများရှိခဲ့သဖြင့် သင်တန်းခေါ်ယူသည့်အခါ အများစု တက်ရောက်ခြင်းဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့ပေါ် ကျောင်းတစ်ကျောင်းမှ ဆရာမဒေါ်ဇင်မာဦး(အမည်လွဲ) က ပြောသည်။

“ကျွန်မတို့ကျောင်းက ဆရာမတစ်ယောက် ဝန်ထမ်းအိမ်ယာထဲက သူ့အခန်းကို ခဏပြန်တဲ့အခါ အဖမ်းခံရတယ်၊ ဘယ်သူတိုင်လိုက်မှန်းမသိဘူး၊ သူအိမ်ရောက်တာနဲ့ခဏဆို လာဖမ်းသွားတာ၊ ဒါမျိုးတွေလုပ်တော့ တချို့လည်း လည်း ကြောက်ပြီး သင်တန်းတွေတက်ကြတယ်ထင်တယ်။”

ကချင်ပြည်နယ်တွင် ပညာရေးဝန်ထမ်းအများစု CDM တွင်ပါဝင်နေသည်ဖြစ်ရာ မွမ်းမံသင်တန်းခေါ်ယူခြင်းဖြင့် CDM တွင် ဆက်လက်ပါဝင်မှုမရှိစေရန် စစ်ကောင်စီက လုပ်ဆောင်ခဲ့မှုသည် အတိုင်းအတာတစ်ခုအထိ ထိရောက်သည်ဟုဆိုနိုင်သည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်ပြုလုပ်သည့် ကျောင်းအုပ်ကြီးများ၏ သင်တန်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းပြများ၏ သင်တန်းများတွင် အများအပြား ပါဝင်တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် ထူးထူးခြားခြားသင်ကြားမှုများမရှိဘဲ နာမည်စာရင်းကို အဓိက ကောက်ယူသည်ဟု သင်တန်းတက်ရောက်ခဲ့သည့် ဆရာမတစ်ဦးက ပြောသည်။

“တကယ် သင်လားဆိုတော့ နည်းနည်းပါးပါးပေါ့၊ တစ်ရက်ကဆို နာမည်စာရင်းကောက်ပြီးတာနဲ့ ပြန်လို့ ရပြီလို့ပြောတယ်၊ အဓိကက CDM မှာ မပါစေချင်လို့ သင်တန်းလုပ်တာပါ” ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း CDM တွင်ပါဝင်သူများကို စစ်ကောင်စီက အလုပ်မှထုတ်ပယ်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး အလုပ်နေရာနှင့် နစ်နာမှုများကို မူလအတိုင်း ပြန်ရစေရန် အာမခံကြောင်း အလုပ်သမားဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

CRPH – CDM Supporting Team ကို ဖွဲ့စည်းကာ CDM ဝန်ထမ်းများကို စာရင်းကောက်ယူခြင်းနှင့် ကူညီထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့သော်လည်း မည်သည့်အတိုင်းအတာအထိလုပ်ဆောင်နိုင်သည်ကို မသိရပါ။

CRPH သို့မဟုတ် အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် CDM တွင်ပါဝင်နေသည့်သူများကို ပံ့ပိုးကူညီပေးရန်နှင့် CDM တွင်မပါဝင်သော ဝန်ထမ်းများကို အရေးယူရန် CDM ဝန်ထမ်းများနှင့် ပြည်သူများက လိုလားကြသည်။

CDM တွင်ပါဝင်နေသည့် ဝန်ထမ်းများကို မြို့နယ်အသီးသီးမှ ပြည်သူများက တစ်နိုင်တစ်ပိုင် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ကြသော်လည်း လူဦးရေအကန့်အသတ်ဖြင့်သာ အကူအညီ ပေးနိုင်ကြသည်ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း အရမ်းသတိထားပြီးလုပ်နေရတာလေ၊ အခန့်မသင့်ရင် ဖမ်းသွားမှာလည်း စိုးရိမ်ရတယ်၊ ဒါကြောင့် တစ်လတစ်လကို ရတဲ့အလှူငွေလေးနဲ့ နိုင်သလောက်ပဲကူညီနိုင်တာပါ၊ ထင်ထားတာထက်တော့ ပြည်သူတွေ လှူဒါန်းကြပါတယ်” ဟု ပြောသည်။

ဤသို့သော အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း CDM တွင် ဆက်လက်ပါဝင်နေသည့် ဝန်ထမ်းများက စစ်ကောင်စီကျရှုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဗဟိုစာရင်းအင်းအဖွဲ့ ကချင်ပြည်နယ်ရုံးမှ ဒေါ်သန္တာက ပြောသည်။

“စစ်အစိုးရပဲဆိုရင် ဒီအလုပ်ကို မလုပ်ချင်တော့ဘူး၊ အရင်စစ်အစိုးရခေတ်လည်း မှီခဲ့တော့ ကိုယ့်သားသမီး တွေအတွက် ဒီစစ်အာဏာရှင်စနစ်ကို အနိုင်တိုက်သွားမယ်၊ ဒီလိုတိုက်နိုင်ဖို့ ကိုယ်လက်တွေ့လုပ်နိုင်တာ CDM ပဲ၊ နိုင်တဲ့အထိ လုပ်သွားမယ်” ဟု ဆိုသည်။

စည်ပင်ရုံးဝန်ထမ်းတစ်ဦးက CDM ဝန်ထမ်းများသည် ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့သဖြင့် အရေးတော်ပုံအောင်မြင်မည်ဟု ယုံကြည်ထားသည်။

 

“ကျွန်တော်တို့ စစ်အာဏာရှင်ကို မကြိုက်ဘူးဆိုတာ ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်တဲ့ သဘောပါ၊ အခုကျွန်တော်တို့လည်း CDM မှာ ပါဝင်လို့ ခက်ခဲနေပေမယ့် ကိုယ့်အတွက်ပဲ ကြည့်လို့မရဘူးလေ၊ ပြည်သူ့အတွက် ပြည်သူနဲ့အတူရပ်တည်ပြီး ဒီအစိုးရရဲ့ လုပ်ငန်းရပ်တဲ့အထိ CDM ဆက်လုပ်သွားမှာပါ၊ အရေးတော်ပုံအောင်ရမည်။”

သင့်ထင်မြင်ချက်ရေးပေးပါ