ကြွေးကြော်သံများကြားက ဖက်ဒရယ်တပ်မတော် အိပ်မက်

‘စစ်အာဏာရှင်စနစ်… အလိုမရှိ… အလိုမရှိ’

 

‘ဒီမိုကရေစီရှင်သန်ရေး… ဒို့အရေး… ဒို့အရေး’

မြစ်ကြီးနားမြို့၏ လမ်းမများပေါ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖော်ထုတ်နေသည့် လူငယ်များ၏ ကြွေးကြော်သံများဖြစ်သည်။

ဆန္ဒပြလူငယ်များအားလုံး တစ်ညီတစ်ညွှတ်တည်း ကြွေးကြော်နိုင်ရန် ရှေဆုံးမှတိုင်ပေးနေသူက မဗေဒါ (အမည်လွဲ) ဖြစ်သည်။

အော်လံကိုလက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ကာ ကြွေးကြော်သံများကို ရှေ့ဆုံးမှအော်နေရင်း နဖူးမှ ကျလာသည့် ချွေးကိုပင် ဂရုမစိုက်နိုင်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က စစ်အာဏာသိမ်းသည့်နောက်ပိုင်း မဗေဒါကဲ့သို့သောလူငယ်များသည် အသက်မွေးဝမ်းကြောင်းအလုပ်များကို ခေတ္တဘေးဖယ်ထားကာ လမ်းမများကို ပွေ့ဖက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြသည်။

စစ်အာဏာသိမ်းသည့်လုပ်ရပ်ကို မည်သည့်အကြောင်းနှင့်မှ လက်ခံ၍မရဘဲ လူငယ်များ၏ အနာဂတ်ကို နင်းချေဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု မဗေဒါက ယုံကြည်သည်။

“ရွေးကောက်ပွဲကြောင့် အာဏာသိမ်းတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး၊ ကျွန်မတို့လူငယ်တွေမှာ အနာဂါတ်ရှိတယ်၊ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ကျွန်မတို့အနာဂတ်ပျောက်ဆုံးသွားပြီ၊ အခုမှ မလုပ်ရင် နောက်ဘယ်လောက်ကြာကြာ စစ်ဖိနပ်အောက်မှာ နေရမလဲ မသိဘူး” ဟု ဆိုသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများ ကချင်ပြည်နယ်တဝှမ်းတွင် နေ့စဉ်ပုံစံမျိုးစုံဖြင့် ထွက်ပေါ်လာသလို ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရသူ အများအပြားရှိသည်။

ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ဧပြီလ ၁၀ ရက်နေ့အထိနှစ်လတာကာလအတွင်း ကချင်ပြည်နယ်တွင် လူ (၁၂) ဦး သေဆုံးခဲ့ကာ နိုင်ငံတဝှမ်းတွင် လူပေါင်း ၇၀၀ ထက်မနည်းသေဆုံးခဲ့ပြီးဖြစ်သည်။

ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှု၏နောက်ဆက်တွဲ

ငြိမ်းချမ်းစွာဆန္ဒပြသူများကို လက်နက်ကိုင်အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် စစ်ကောင်စီတပ်များကို လက်နက်စွဲကိုင်တော်လှန်ရမည်ဟူသည့် ခံယူချက်များ ပိုမိုခိုင်မာလာစေသည်ဟု အသက် ၂၄ နှစ်အရွယ် မဂျီးဘူက ပြောသည်။

“စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ ကျွန်မတို့က ငြိမ်းချမ်းစွာဆန္ဒပြကြတာ၊ အဲတာကို တိုက်ပွဲမှာသုံးတဲ့ သေနတ်တွေ ဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွင်းတယ်၊ မတရားရိုက်နှက်ဖမ်းဆီးတယ်၊ လူတွေသတ်တယ်၊ ဒီလိုအကြမ်းဖက်နေတဲ့စစ်တပ်ကို သေနတ်နဲ့ ပြန်မချရင် မရတော့ဘူး၊ သူက ဒီလိုဆန္ဒပြတာမျိုးကို လက်ခံမှာ မဟုတ်တာ သေချာသွားပြီ” ဟု ပြောသည်။

မဗေဒါကဲ့သို့ လမ်းမပေါ်တွင် စစ်အာဏာရှင်စနစ်ကို နေ့စဉ်ဆန့်ကျင်ကန့်ကွက်နေသူများတွင် ကိုကျော်စွာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဖြိုခွင်းမှုတွေကြား ဆန္ဒထုတ်ဖော်မှုများတွင် နေ့စဉ်ပါဝင်နေသည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်စွာသည် စစ်ပွဲကို မလိုလားသော်လည်း အကြမ်းဖက်နေသူကို မလွှဲမရှောင်သာ လက်နက်စွဲကိုင် တော်လှန်ရတော့မည်ဟု ခံယူထားသည်။

“စစ်လိုလားသူတော့ မဟုတ်ဘူးပေါ့နော်၊ သူက လူမဆန်တဲ့လုပ်ရပ် ကမ္ဘာမှာ အင်မတန်ရှားပါးတဲ့ လုပ်ရပ်မျိုးလုပ်တဲ့ အကြမ်းဖက် အုပ်စုဖြစ်တဲ့အတွက် ဒီလိုအကြမ်းဖက်တဲ့သူကို ဘယ်လိုနည်းနဲ့ပဲမဆို တိုက်ခိုက်တွန်းလှန်ရမှာပဲ၊ ဒီလို တွန်းလှန်နေတဲ့သူတွေကိုလည်း အားပေးပါတယ်” ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်ဒေသများသို့ စစ်ပညာသွားရောက်သင်ကြားနေသူ အများအပြားရှိသည်ဟု သူက ဆက်ပြောသည်။

“သူငယ်ချင်းတွေ အသိတွေထဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ စစ်ပညာသင်ယူနေတဲ့သူ ရှိတာပေါ့။ အောက်ပြည် အောက်ရွာ မြေလပ်ပိုင်းကလူတွေတောင်မှ အလှမ်းဝေးတာကနေလာကြတယ်။ မြို့ထဲကဆို ပိုရှိတာပေါ့။ မိသားစုထဲမှာရော အသိတွေထဲမှာရော သူငယ်ချင်းတွေရော ရှိတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြလူငယ်များကို အကြမ်းဖက်ဖြိုခွင်းနေမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသည့် ဒေသများတွင် စစ်ပညာ သင်ကြားလိုသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာသည်ဟု မဗေဒါက ပြောသည်။

“ကျွန်မလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ စစ်ပညာသင်ချင်တယ်။ CDM တွေအတွက် လုပ်ပေးစရာလေးတွေ ရှိနေတဲ့အတွက်ကြောင့်မို့ သွားချင်တဲ့ ဆန္ဒရှိပေမယ့် ခဏရပ်တန့်ထားတယ်။ ကျွန်မ အသိတွေ သူငယ်ချင်းတွေကလည်း တိုင်းရင်းသားတွေဆီ စစ်ပညာသင်ချင်တဲ့သူတွေကြီးပါပဲ၊ လက်နက်နဲ့တော်လှန်ချင်တဲ့သူများတယ်” ဟု ပြောသည်။

မဗေဒါ၊ မဂျီးဘူ၊ ကိုကျော်စွာနှင့် The 74 Media က တွေ့ဆုံမေးမြန်းခဲ့သည့် လူငယ် ၇ ဦးစလုံးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို လက်နက်နှင့်တော်လှန်မှ ရမည်ဟု ယုံကြည်နေကြသည်။

CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များ၏ စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်တွင် မတ်လ ၈ ရက်နေ့က ဆန္ဒပြပြည်သူနှစ်ဦးကျဆုံးခဲ့ပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လပေါင်းများစွာတိုက်ပွဲများမဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်တွင် ဆန္ဒပြပြည်သူများ သေဆုံးခဲ့ပြီးနောက် မတ်လ ၁၁ ရက်မှ စတင်ကာ တစ်လတာကာလအတွင်း ဖားကန့်၊ ရွှေကူ၊ မိုးကောင်း၊ အင်ဂျန်းယန်၊ မိုးမောက်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကေအိုင်အေက တပ်မတော်စခန်းအချို့ကို သိမ်းပိုက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ပြည်သူဘက်မှ ရပ်တည်ပေးခဲ့သဖြင့် ကေအိုင်အေကဲ့သို့သော လက်နက်ကိုင်အဖွဲ့များအပေါ်ထားရှိသည့် အမြင်များပြောင်းလဲသွားသည်ဟု မဗေဒါက ဝန်ခံသည်။

“ကျွန်မက ဗမာလူမျိုးလေ၊ အခုတော့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ ကျွန်မရဲ့အမြင်တွေက ပြောင်းလဲကုန်ပြီ။ စစ်အာဏာရှင်တွေ သူတို့ရဲ့ မိသားစု တစ်စု သူတို့ရဲ့ လူမျိုးစု တစ်စုစာကိုပဲ ကြည့်ပြီးတော့ လုပ်နေတဲ့ အလုပ်တွေကို လက်မခံနိုင်တဲ့အတွက်ကြောင့်မို့ ရှင်းရှင်းပြောရင် စစ်အာဏာရှင်ဘက်က လူတွေ ကျရှုံးတဲ့သတင်းကိုကြားရလေလေ ဝမ်းသာလေလေပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အောင်မြင်မှုရလေလေ ဝမ်းသာလေလေ ပါပဲ” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၃၁ ရက်ညတွင် ၂၀၀၈ အခြေခံဥပဒေကို ပယ်ဖျက်ခဲ့ပြီး ဖက်ဒရယ်ချာတာကို ချပြခဲ့သည့်အပြင် မကြာမီအချိန်အတွင်း ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းမည်ဟု ပြောဆိုခဲ့မှုများရှိသည်။

CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား မည်သည့်သဘောတူညီမှုများရရှိထားသည်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း လက်ရှိအချိန်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် TNLA၊ AA နှင့် MNDAA သုံးဖွဲ့ပါဝင်သည့် ညီနောင်မဟာမိတ်တပ်များကလည်း တိုက်ပွဲများ ဖော်ဆောင်လာသည်။

လက်တွေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့၊ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းမှသာ အင်အားကြီးမားသည့် တပ်စုတစ်ခုဖြစ်လာနိုင်မည်။

အာဏာသိမ်းသည့်ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ပူးပေါင်းတပ်များက ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA) နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပေါ်နေသည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘုံပန်းတိုင်ဖြင့် စုဖွဲ့နိုင်မလား သို့တည်းမဟုတ် စစ်ကောင်စီ၏ သွေးခွဲညှိနှိုင်းမှုတွင် ထပ်မံကျဆုံးမလား သို့တည်းမဟုတ် CRPH က ဖက်ဒရယ်တပ်မတော်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မလားဆိုသည့် မေးခွန်းများကိုအချိန်ကသာ အဖြေပေးနိုင်ပေမည်။

ဖက်ဒရယ်တပ်မတော် အိပ်မက်

တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းပြီးဖြစ်စေ CRPH ၏ ဦးဆောင်မှုဖြင့်ဖြစ်စေ ဖက်ဒရယ်တပ်မတော်ကို အမြန်ဆုံးဖွဲ့စည်းစေချင်သည်ဟု ကိုကျော်စွာက ပြောသည်။

“စစ်အာဏာရှင်စနစ် အဓွန့်ရှည်သွားမှာ ကြောက်တယ်၊ နိုင်ငံရေးအဲလောက်နားမလည်ပေမယ့် ဒီဖက်ဒရယ်စစ်တပ်ဆိုတာကိုပဲ အမြန်ဆုံးဖွဲ့စည်းစေချင်တယ်၊ စစ်အာဏာရှင်ကို အမြန်တိုက်ထုတ် အနိုင်ယူချင်တယ်၊ ဖက်ဒရယ်တပ်မတော် ပေါ်ထွက်လာရင် ကျွန်တော်လည်း ပါဝင်မှာပါ” ဟု ပြောသည်။

ဖက်ဒရယ်တပ်မတော်တွင် ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းလိုသူအများအပြားရှိသည်ဟု သူက ဆက်ပြောသည်။

“လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာကို လက်နက်နဲ့ ပြန်ချမှရမယ်ဆိုတဲ့ ခံယူချက် ကျွန်တော့်လို လူငယ်တွေ အများကြီးမှာ ရှိတယ်၊ သမိုင်းပေးတာဝန်ထမ်းဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်နေပြီ” ဟု ဆိုသည်။

The 74 Media က တွေ့ဆုံမေးမြန်းခဲ့သည့် လူငယ် ၇ ဦးတွင် ၇ ဦးစလုံးက ဖက်ဒရယ်တပ်မတော်တည်ထောင်ပါက ပါဝင်သွားမည်ဟု ပြောဆိုခဲ့ပြီး ယောကျာ်းလေးများက စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် အသက်ကိုပင် ပေးဆပ်ရန်ဝန်မလေးပါဟု ပြောသည်။

နေ့စဉ်လမ်းပေါ်ထွက်ဆန္ဒပြနေသည့် မဗေဒါက အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ပေးမည်ဟု မျှော်လင့်လျက်ရှိသည်။

“အရေးတော်ပုံအောင်တဲ့အထိ ဆက်လုပ်သွားမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေက ကျွန်မတို့နိုင်ငံအတွက် စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ မြို့အများစုတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများ တစ်ရက်ထက် တစ်ရက် လျော့နည်းလာနေသော်လည်း လူငယ်များ၏ ဖက်ဒရယ်တပ်မတော်အိပ်မက်က ပိုမိုခိုင်မာလာနေသည်မှာ ငြင်းမရသည့် အချက်တစ်ခုဖြစ်ပေသည်။

 

ပုံ/ မြစ်ကြီးနားမြို့၌ ဧပြီလ ၂ ရက်​နေ့က ပြုလုပ်ခဲ့​သော စစ်အာဏာရှင် ဆန့်ကျင်​ရေးသပိတ်

သင့်ထင်မြင်ချက်ရေးပေးပါ