စစ်ရှောင်စခန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပလနရပ်ကွက်ရှိ တြီနတီစစ်ရှောင်စခန်းနှင့် စိန့်ဂျိုးဇက်စစ်ရှောင်များတွင် သောက်သုံးရေနှင့် ရေအိမ်မလုံလောက်မှုများ ကြုံနေကြရကြောင်း ထိုစခန်းတွင် နေထိုင်သူများထံမှ သိရသည်။

နေ့စဥ်အသုံးပြုရန်အတွက် သောက်သုံးရေနှင့် ရေအိမ်များ မလုံလောက်မှုကြောင့် ခက်ခဲမှုများရှိနေသည်ဟု စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက The 74 Media ကို ပြောသည်။
“အခုတလောညနေပိုင်းဆို ရေကသိပ်မရချင်ဘူး၊ အိမ်သာလည်း ကျွန်မတို့ဒီဘက်မှာဆို အိမ်ထောင်စုဆယ်ခုမှာ အိမ်သာတစ်လုံးနှုန်းနဲ့ပဲ ရတဲ့အခါကျတော့ အခက်အခဲတော့ ဖြစ်တာပေါ့” ဟုသူကပြောသည်။
စခန်းအတွင်းနေထိုင်စဥ် ခက်ခဲမှုသည် အဖက်ဖက်မှကြုံတွေ့ရသော်လည်း ယခုအချိန်တွင် နေ့စဥ်အသုံးပြုရန်အတွက် သောက်သုံးရေ ခက်ခဲမှုများရှိသည်ဟုလည်း တြီနတီစစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။
“အခက်အခဲတွေကတော့ ရှိတော့အများကြီးရှိတယ်၊ ဒီအထဲမှာ အားလုံးအတွက်အခုချိန်မှာက နံပါတ် ၁ ရေ၊ စားစရာကတော့ အဖွဲ့အစည်းတွေ၊ ဒေသအသီးသီးက ကျောင်းသားလူငယ်တွေ အဲ့ဒါတွေပို့ပေးတဲ့ဟာတွေ စားနေကြတာ၊ အခုခက်တာက သောက်ရေ ချိုးရေက အရမ်းခက်တယ်။” ဟုသူကပြောသည်။
အနယ်နယ်အရပ်ရပ်မှ အလှူရှင်များလာရောက်လှူဒါန်းထားသည့် အစားအသောက်များကို ချွေတာကာစားသုံးနေထိုင်နိုင်သော်လည်း ကျန်းမာရေးနှင့် မိသားစု အိမ်တွင်းရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် ငွေကြေးမပြေလည်မှုများစွာ ရှိကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသောကြောင့် မတ်လ ၁၆ ရက်နေ့မှစ၌ နေရပ်သို့ပြန်ကာ တောင်ယာသွားရောက်လုပ်ကိုင်နေကြသော စစ်ရှောင်ပြည်သူများ တစ်ဖန်ပြန်လည် ထွက်ပြေးတိမ်းရှောင်လာရသည်။

လက်ရှိအချိန်တွင် တြီနတီစစ်ရှောင်စခန်းတွင် လူဦးရေ ၉၀၀ ကျော်နှင့် စိန့်ဂျိုးဇက်စစ်ရှောင်စခန်းသည် လူဦးရေ ၂၂၀၀ ခန့်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ