စစ်ကောင်စီလက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သောကြောင့် မောင်တောမြို့နေပြည်သူများကို မြို့ပေါ်မှထွက်ခွာပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က သတိပေးစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နှင့် မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းများအားလုံးနီးပါးကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့်စခန်းများကို ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်း ယမန်နေ့ညက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၏ အသက်အန္တရာယ်ကိုစိုးရိမ်သောကြောင့် ပြည်သူအနေဖြင့် မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် အလေးအနက်ထား သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မောင်တောမြို့ကို စစ်စခန်းများသဖွယ်အသုံးပြုပြီး မြိုပြစစ်ဆင်ရေးပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်ကြောင်းနှင့် လမ်း၊ အိမ်များအတွင်းမှ ခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အဦးများအပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများတွင် ပြည်သူမျာအနေဖြင့် အတူပူးတွဲနေထိုင်ခြင်းမရှိစေရန် ဟူသောအချက်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဇွန်လဒုတိယရက်သတ္တပတ်အတွင်း ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ခုနစ်ခုထက်မနည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် “1027” စစ်ဆင်ရေးစတင်ပြီးနောက် ပေါက်တောမြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ဘူးသီးတောင်မြို့၊ ရမ်းဗြဲမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့တို့ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားရန် စီစဉ်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ဇွန် နှစ်ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကလည်း မောင်တောမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘူးသီးတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်အရသိရသည်။

သတင်း – Dureng
ဓာတ်ပုံ – AA info desk

သင့်ထင်မြင်ချက်ရေးပေးပါ