ဝိုင်းမော်မြို့နယ် မလိယာန်ကျေးရွာအနီးသို့ ခြံလုပ်ရန်သွားသည့်အမျိုးသားသုံးဦး ဆယ်ရက်ကျော်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်ရှောင်နေသည့် ဝိုင်းမော်ဒေသခံအမျိုးသားသုံးဦး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ခြံသို့သွားချိန် လမ်းတွင်ပျောက်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လမ်းကနေသွားမယ်ဆိုတဲ့အသေးစိတ်က ကျွန်တော်တို့မသိလိုက်ဘူး။ သွားလို့ရတဲ့လမ်းကနေသွားမယ်ဆိုပြီးသွားလိုက်တာ။ နေ့လယ်လောက်မှာဖုန်းဆက်တော့ သူတို့ကိုအခုဂိတ်တစ်ခုမှာစစ်ဆေးနေတယ် ခဏဆိုပြီးပြောနေတယ်။ ညနေပိုင်းဆိုရင် အဲ့ဘက်ကနေ ပျောက်နေတဲ့ လရှီးလရဲ့ဖုန်းနဲ့ပြန်ဆက်လာတယ်။ ဗမာလိုပြောဆိုပြီး ပြောခိုင်းတယ်တဲ့၊ အဲ့ချိန် ဟိုဘက်က ကျန်းခန်းကျေးရွာရောက်နေတယ်လို့ပြောလိုက်လို့ပြောခိုင်းလိုက်တယ်။ အဲ့တာကနောက်ဆုံးရလိုက်တဲ့သတင်းပဲ” ဟုပြောသည်။

ပျောက်ဆုံးသွားသူများမှာ ရွှေညောင်ပင်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ဦးလရှီလဆန်၊ တပ်ကုန်းစံပြရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ဦးလဘန်ဘောက်နော်နှင့် မိုင်းနား စံပြစစ်ရှောင်စခန်းနေ အသက် ၃၈ နှစ်အရွယ် ဦးအင်ဒေါင်မုန်ရာဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားသုံးဦးမှာ မလိယာန်ကျေးရွာ၊ ဒဘက်ချောင်းအနီးရှိလယ်တွင် သွားရောက်စိုက်ပျိုးရန် နှမ်းစေ့၊ မုန့်ညှင်းစေ့၊ စပါးပျိုးပင်များနှင့် အစားအသောက်အတွက် ရိက္ခာများယူသွားကြောင်း ပျောက်ဆုံးနေသူတစ်ဦး၏ အမျိုးသမီးဖြစ်သူက ပြောသည်။

“ကလေးတွေကို ကျောင်းနာမည်စာရင်းလာထည့်ဖို့ မြစ်ကြီးနားမှာထားပြီး ခြံလုပ်ဖို့ပြန်သွားတာ။ မိုးရာသီရောက်လို့ လယ်ယာတွေလည်းလုပ်မဲ့အချိန်ရောက်လာပြီလေ။ အခုက ခက်ချိုဘက်မှာ လမ်းပေါ်မှာပျောက်သွားတာဟုတ်တယ်။ အခုက အဲ့နေရာတွေမှာ စကစတွေလည်းရှိတယ်။ PDF တွေလည်းရှိတယ်။ ဟိုဘက်ကပြောတဲ့အချိန်က ဗမာစကားသံလည်းနည်းနည်းဝဲတော့ လီဆူပြည်သူ့စစ်တွေပဲ ဖမ်းသွားတာထင်နေတယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူ သုံးဦးကို ဇွန်လ ၆ ရက်နေ့က နောင်ဟီကျေးရွာနှင့် ဂျန်ဂါကျေးရွာကြားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင် တားဆီးစစ်ဆေးခံနေရသည်ကို တွေ့ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြန်လာပြောပြသော်လည်း လက်ရှိအချိန်ထိအဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များကပြောသည်။

ဝိုင်းမော်မြို့နယ်တွင် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အင်အားဖြည့်တင်းမှုများနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

သတင်း – Sin Li
ပုံ – ပျောက်ဆုံးနေသည့် ဦးလဘန်ဘောက်နော်နှင့် ဦးလရှီးလဆန် (ဓါတ်ပုံ – ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ