မံစီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်ထားသည့် ကျေးရွာကို ယမန်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟန်ထက်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်းအနီးရှိ နေအိမ်ထိမှန်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“မဘိမ်းနယ်ဘက်ကနေဖြတ်ခဲ့တာ ဂျက်ဖိုက်တာပဲ။ အဲဒီဆေးခန်းနားကိုကြဲတာ ဆေးခန်းတော့မထိဘဲနဲ့ အဲဒီနားက အိမ်တစ်လုံးကိုထိသွားတာ။ အိမ်ကတော့ အကုန်ပွင့်ထွက်သွားတာပေါ့” ဟုဆိုသည်။

ဟန်ထက်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဂျက်တိုက်လေယာဉ်မှာ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းမှ ယမန်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က တက်လာသည့် တိုက်လေယာဉ်ဖြစ်ကြောင်းသိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိမှန်ပျက်စီးခဲ့သော်လည်း နေအိမ်တွင်လူမရှိနေသည့်အတွက် ထိခိုက်သေဆုံးမှုမရှိကြောင်း သူကဆက်ပြောသည်။

“အဲဒီအိမ်ကလည်းကံကောင်းတာ လယ်ထဲမှာ လယ်စိုက်ချိန်ဆိုတော့ လယ်သွားပြီးလုပ်နေတဲ့အချိန်ဆိုတော့ အိမ်မှာဘယ်သူမှမရှိလို့ လူတော့ထိခိုက်မှုမရှိဘူး” ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟန်ထက်ကျေးရွာ ဘုန်းကြီးကျောင်းအနီး‌ရှိ နေအိမ်အချို့ထိမှန်ပျက်စီးခဲ့သည်။

ဟန်ထက်ကျေးရွာသည် မံစီမြို့နှင့် ၉ မိုင်ခန့်အကွာတွင်တည်ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ