ချီဖွေမြို့နယ်၊ ဖရဲဒေသတွင် မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းရန် ကန့်ကွက်သောကြောင့် ဖမ်းဆီးထားသည့် ဒေသခံအချို့ကို KIO က ပြန်လွတ်ပေးခဲ့သော်လည်း ဦးဆောင်သူများကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံအများစုကို စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဆက်သွယ်မေးမြန်းချိန် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“တပ်မဟာ (၇) ကလည်း ကော်မရှင်ဖွင့်ပြီး ဖမ်းဆီးထားတာတွေကိုမေးမြန်းတာတွေလုပ်တယ်။ ပြီးရင် ချက်ခြင်းလွှတ်ပေးတာတော့မဟုတ်ဘူးပေါ့။ ဖြည်းဖြည်းမေးမြန်းပြီးရင် လွှတ်ပေးနေတာဟုတ်တယ်။ အခုထိတော့အားလုံးနီးပါးကိုလွှတ်ပေးပြီ” ဟုပြောသည်။

ဒေသခံများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးခံစားခွင့်တို့ကို ညှိနှိုင်းသဘောတူညီမှုရယူပြီး မြေရှားသတ္တု တူးဖော်ခြင်းလုပ်ငန်း စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် နောက်ကွယ်မှ အကြံပေးသူများရှိနိုင်သဖြင့် ဆန္ဒပြရာတွင်ဦးဆောင်သူများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

“သူတို့ဆန္ဒပြတာက မြေရှားမတူးဖို့ဆန္ဒပြတာလား မဟုတ်ရင် သတ်မှတ်ထားတဲ့နေရာမှာ မဟုတ်တာကြောင့် ဆန္ဒပြတာလား မဟုတ်ရင် သူတို့ဒေသခံတွေရသင့်ရထိုက်တာကို မရလို့ဆန္ဒပြတာလား အဲ့တာတွေသိရဖို့ အခုစစ်ဆေးနေတုန်းဟုတ်တယ်။ မေးစရာရှိတာက ကျွန်တော်တို့ရဲ့ တော်လှန်ရေးနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာမှ ဆန္ဒပြလာတာတွေရှိတာကြောင့် နောက်ကအကြံပေးတာတွေရှိတာကြောင့်ဖြစ်နိုင်တာပေါ့နော်” ဟုပြောသည်။

မြေရှားသတ္တုစမ်းသပ်တူးဖော်မှုကိုကန့်ကွက်သည့် ဒေသခံအများစုကို ပြန်လည်လွှတ်ပေးလိုက်ပြီဟု ဗိုလ်မှူးကြီးနော်ဘူကပြောသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်က ပြည်သူ ငါးဦးသာ ပြန်လွှတ်လာခြင်းဖြစ်ကြောင်း ဖရဲဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“နောက်တစ်ခါဆန္ဒမပြဖို့ လက်မှတ်ထိုးခိုင်းပြီးလွှတ်ပေးလိုက်တာ။ အားလုံးကို အချုပ်မှာထည့်ထားတာ၊ ကချင်စကားတတ်တဲ့သူ အားလုံးနီးပါးကိုဖမ်းထားတာ။ ဖုန်းလိုင်းမရှိ၊ အင်တာနက်မရှိတဲ့နေရာမှာ သူတို့ကြိုက်သလိုလုပ်တဲ့သဘောဟုတ်တယ်။ ကျောင်းဆရာတွေဆိုရင် အခုကလေးတွေ စာမေးပွဲလုပ်တော့မယ် ဆရာတွေကိုတော့ဖမ်းထားတုန်းဆိုတော့ တော်တော်အခက်အခဲဖြစ်နေတယ်” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၇)က မြေရှားသတ္တုစမ်းသပ်တူးဖော်မှုကို ကန့်ကွက်ဆန္ဒပြသည့် ဒေသံပြည်သူများကို မိုင်းဖြင့်ဖြိုခွင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၄၄ ဦးတွင် ဘာသာရေးဆရာများ၊ သင်းထောက်များနှင့် ကျောင်းဆရာများလည်း ပါဝင်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူနှင့် ဖမ်းဆီးခံထားရဆဲပြည်သူ အရေအတွက် မည်မျှရှိသည်ကို The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒပြခြင်းနှင့် မိုင်းဖြင့် ဖြိုခွင်းဖမ်းဆီးမှုများရှိနေသော်လည်း လက်ရှိအချိန်တွင် မြေရှားသတ္တုတူးဖော်မှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံက ပြောသည်။

ဖရဲဒေသခံပြည်သူများ၏ သောက်သုံးရေအရင်းအမြစ်တည်ရှိရာ အေဒေါင်ဟောချောင်း (E Dau Haw Hka)၊ မောင်းရိဟောချောင်း (Mau Yi Haw Hka) တစ်လျှောက်နှင့် စိုက်ပျိုးမြေနေရာများကို စမ်းသပ်တူးဖော်ခွင့်ပြုသောကြောင့် ကန့်ကွက်ဆန္ဒပြခြင်းများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လကလည်း ကချင်လွှတ်မြောက်ရေးတပ် (KIA) က ဖရဲကျေးရွာရှိ ဒေသခံများ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်လျှင်ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ပြောဆိုပြီး မြို့နယ်ရုံးများတွင် အကျဉ်းထောင် ခုနှစ်ခု ဆောက်လုပ်ထားခဲ့သည်။

သတင်း – Doi Awng

ပုံ – မြေရှားစမ်းသပ်တူးဖော်မှု ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံပြည်သူမျးကို တွေ့ရပုံ

သင့်ထင်မြင်ချက်ရေးပေးပါ