ကရင်နီပြည်နယ်၊ ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ရှားတောမြို့အတွင်းရှိ စေတီကုန်းပေါ် တပ်စွဲထားသော စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၈၂) ဗျူဟာကုန်းကို ဝန်းရံထားသည့် စခန်းကုန်းများအား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

တစ်လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စုစုပေါင်း ၁၆၀ ကျော်သေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိထားသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှားတောမြို့သိမ်းတိုက်ပွဲမှ လက်နက်ငယ် (၁၂၈) လက်၊ လက်နက်ကြီးအစုံ (၁၈) လက်၊ Smoke Gun (၃) လက်၊ Jammer Gun (၁) လက်နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် ‘၁၁၁၁ စစ်ဆင်ရေး’ စတင်ခဲ့သည့်အချိန်မှစ၍ လွိုင်ကော်မြို့ဝန်းကျင်ရှိနေရာ အများစုကို ကရင်နီပူးပေါင်းတပ်များက သိမ်းယူထားနိုင်ပြီး စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ