ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် လာရောက်ခိုလှုံလိုသူများနှင့် စစ်သင်တန်းတက်ရောက်လိုသူများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဥပဒေအတည်ပြုပြဌာန်းပြီးနောက် တော်လှန်ရေးတွင် ပါဝင်လိုသည်ဟုဆိုကာဆက်သွယ်လာသည့် လူဦးရေအလွန်များပြားနေပြီး သင်တန်းပေးမည့်ရက်ကို အတည်ပြုနိုင်ရန်လုပ်ဆောင်နေသည်ဟု ရွှေကူ K-PDF တပ်ရင်းပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အများကြီးပြည်သူတွေနဲ့ပူးပေါင်းပြီးတော်လှန်ရေးမှာပါဝင်ဖို့ဆက်သွယ်လာကြတယ်။ လောလောဆယ် သင်တန်းပေးဖို့ ရက်အတည်ပြုပြီး သင်တန်းအမြန်ဆုံးပေးနိုင်ရန် ပြင်ဆင်ပေးတယ်။ အခုပြန်ရောက်လာသူတွေအတွက်လည်း ပြင်ဆင်ပေးနေပါတယ်” ဟုပြောသည်။

အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းရန်လိုအပ်ပြီး ပြည်သူလူထုအနေဖြင့် မှန်ကန့်သည့်ဘက်ကို ရွေးချယ်သင့်ကြောင်း သူဆက်ပြောသည်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်လိုသည့် မည်သူမဆိုလာရောက်ခိုလှုံနိုင်ပြီး သီးခြားပြင်ဆင်လာရန် မလိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မိုးကောင်းဒေသ) M.P.D.F တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီကိုဆန့်ကျင်တဲ့စိတ်ဓာတ်မျိုးနဲ့ လူငယ်ပီပီ ကိုယ့်ရဲ့စီးပွားရေး ဘာညာသာရကာပေါ့။ အဲ့လိုမျိုးတွေမှာ အနှောက်အယှက်ဖြစ်ခဲ့ရင် လာခိုလှုံလို့ရတယ်။ တက်နိုင်တဲ့ဘက်ကနေ ကူညီပေးနိုင်တယ်။ ဒီမှာ အစစအရာရာ ပြည်စုံပြီးသားဆိုတော့။ တခြားလိုအပ်တာတွေရှိလာရင်တော့ ပြန်ပြီးထုတ်ပြန်သွားမယ်။ တိတ်တဆိတ်လှုပ်ရှားသွားမယ်” ဟုပြောသည်။

လုံခြုံရေးအခြေအနေများကြောင့် အချို့သောအကြောင်းအရာများကို ပြောပြရန်အခက်အခဲရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ဝင်ရောက်လာသူများအားလုံးကို ကြိုဆိုကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Putao – PDF၊ ရွှေကူ K-PDF၊ ဗန်းမော်ခရိုင် K – PDF တပ်ရင်း (၁)၊ ပြည်သူ့ကာကွယ်ရေးတပ် (မိုးကောင်းဒေသ) M.P.D.F တို့မှ တပ်ဖွဲ့ဝင်အသစ်ခေါ်ယူကြောင်း ထုတ်ပြန်ထားသည်။

တပ်ဖွဲ့ဝင်အသစ်ဝင်ရောက်လိုသည့် အသက် (၁၈) နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထု မည်သူမဆိုပါတင်နိုင်ကြောင်း ထည့်သွင်းရေးသားထားသည်။

စစ်ကောင်စီတပ်က ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့သည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဟူသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အာဏာတည်ကြောင်း ပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေအရ အသက် ၁၈ နှစ်မှ၃၅ နှစ်အတွင်းရှိ အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးတိုင်း နှစ်နှစ်စစ်မှုထမ်းရမည်ဖြစ်သည်။

ထို့အပြင် အတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသည့် အမျိုးသားများမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားအရွယ်နှင့် အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအရွယ်များကိုလည်း စစ်မှုထမ်းရမည့် အသက်အရွယ်အဖြစ် ဖော်ပြထားပြီး လာမည့်ဧပြီလမှစတင်ကာ အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ