ကချင်လွတ်မြောက်ရေးတပ် (KIA)၊ (KPDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးတွင် ဒေသခံပြည်သူတို့၏ ရုပ်အလောင်းအချို့ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လမ်းတွင်ဖြတ်သန်းသွားလာချိန် ကားလမ်းဘေးတွင် သေဆုံးနေသည့် ရုပ်အလောင်းများကိုတွေ့ခဲ့ရသည်ဟု အသက် ၃၄ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“၇ မိုင်နားမှာတစ်လောင်းနဲ့ ကျောက်ဖျာနားတစ်လောင်းတွေ့တယ်။ အလောင်းတွေက လေးရက်ရှိနေပြီဆိုတော့ တော်တော်လေးကို ပုပ်ပွနေပြီ။ ရွာသားတွေရဲ့အလောင်းတွေလို့သိရတယ်။ လူမှုကူညီရေးအသင်းတွေလည်း သွားမသယ်ရဲကြသေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကုန်ကားကြီးအချို့ ဖမ်းဆီးခံရမှုများရှိသည်ဟု သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ကျောက်ဖျာကျေးရွာဒေသခံများမှာလည်း နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေသောကြောင့် နေရပ်သိုမပြန်ရဲသေးဘဲ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ၇ မိုင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မပြန်ရဲကြသေးဘူး။ အမျိုးအိမ်တွေမှာ ခဏရှောင်နေကြရတယ်။ အခုက စစ်တပ်ကလည်း စစ်ကြောင်းက အချိန်မရွေးကို ထိုးလာနေတာလေး။ တိုက်ပွဲဖြစ်ရင် ဘယ်မှပြေးလိုမရတော့ဘူး” ဟုပြောသည်။

ဖားကန့်မြို့မှ နန့်တိန်ကျေးရွာသို့လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျောက်ဖျာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း – Pe Ti

ပုံ – ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖားကန့် – ကာမိုင်းလမ်း ၆ မိုင်အနီးတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရပုံ (ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ