မိုးမောက်မြို့နယ်တွင် ကလေးနှစ်ဦးအပါအဝင်မိသားစုဝင်လေးဦးကို သတ်ဖြတ်ခဲ့သည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။

လူသတ်မှုကျူးလွန်ခဲ့သည့်အမျိုးသားသည် ဇနီးဖြစ်သူ၊ ယောက္ခမဖြစ်သူနှင့် ကလေးနှစ်ဦးတို့ကို သတ်ပြီးနောက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၄ ရက်နေ့က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာလည်း သူ့ကိုမတွေ့ရဘူးဗျ။ ဘယ်ကိုထွက်ပြေးသွားလဲတော့မသိရဘူး။ အဲဒီအိမ်က ဆိုင်ကယ်တစ်စီးနဲ့ ဗန်းမော်လမ်းဘက်ကိုသွားလိုက်တယ်လို့တော့ ကျွန်တော်တို့ရွာက လူတွေကမြင်လိုက်တယ်ပေါ့နော်။ မြို့သစ်ရဲစခန်းပိုင်ဆိုတော့ ရဲတွေကတော့ တရားခံကို မဖမ်းမိသေးဘူးလို့ပြောတယ်” ဟုဆိုသည်။

သေဆုံးခဲ့သူလေးဦးမှာ အသက် ၄ နှစ်ခန့်အရွယ်ရှိ မမြန်းစုဝတီခင်၊ အသက် ၁၃ နှစ်ခန့်အရွယ်ရှိ မသက်စုဝတီခင်၊ အသက် ၃၃ နှစ်ခန့်အရွယ်ရှိ ဒေါ်ခင်မာချိုနှင့် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ဒေါ်အေးသောင်းတို့ဖြစ်သည်။

ပြစ်မှုကျူးလွန်ခဲ့သူဟု စွပ်စွဲခံထားရသည့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဦးဟန်ဝင်းအောင်မှာ ဒေါ်ခင်မာချို၏ နောက်အိမ်ထောင်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက အွန်လိုင်းမှ လက်ထပ်ထိမ်းမြှားပြီးနောက် ဒီဇင်ဘာလတွင် နေအိမ်သို့ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် မိသားစုလေးဦး၏ ခန္ဓာကိုယ်တွင် ညိုမဲနေသည့်ဒဏ်ရာများနှင့် လည်ပင်းတွင် လက်ရာများတွေ့ရှိရပြီး ဆေးစစ်ချက်အရလည်ပင်းညှတ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“စာသင်ကျောင်းမျက်နှာချင်းဆိုင်အိမ်က။ ဖြစ်တာက လွန်ခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၃) ညကနေဖြစ်တာ။ ကျွန်တော်တို့သိတာက တနင်္ဂနွေနေ့ ညနေပိုင်းမှသိတာ။ သွားကြည့်တော့ အကုန်လုံးသော့ခတ်ထားတာ။ နောက်မနက် တနင်္လာနေ့မှာ ရဲတွေခေါ်ပြီးသွားကြည့်တော့ အိမ်အောက်မှာ လေးယောက်စလုံးကို ပုံထားတာလေ။ အဲဒါရဲစခန်းက ခွဲစိတ်မယ်ဆိုပြီးမှဟိုဘက်(ဗန်းမော်) ယူသွားတာ” ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းသားဟု သိရသော ဦးဟန်ဝင်းအောင်ကို မြို့သစ်မြို့ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းကလည်း မံစီမြို့နယ်၊ ဂိုင်ဒေါ်ကျေးရွာ၊ မန်ဂျယ်ဒိန်စီအင်ဘပါအုပ်စုတွင် နေထိုင်သော မိသားစုဝင်ငါးဦး နေအိမ်တွင် ဓားခုတ်ရာများဖြင့် အသတ်ခံခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ