ဗန်းမော်မြို့တွင် စစ်ကောင်စီက နှစ်ရက်အတွင်း လူ ၂၀၀ ကျော်ဖမ်းဆီးခဲ့ပြီးနောက် ယနေ့မှစတင်ကာ ညနေ ၄ နာရီ မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့် တိုးမြှင့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူစည်ကားရာ မြို့ပေါ်ရပ်ကွက်များရှိ ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်မှစတင်ကာ နှစ်ရက်ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ညမထွက်ရအမိန့် လိုက်လံကြေညာခဲ့ကြောင်း ခွန်သာရပ်ကွက်မှ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ ဒီနေ့ကတော့ ၄ နာရီလောက်ကတည်းက စအော်နေတာ။ မနေ့ကလည်း ကျွန်တော်တို့ ခွန်သာကမ်းနားက လူတွေအကုန်လုံးဆွဲခေါ်နေတာလေ လူတစ်ရာကျော်လောက်ပါသွားတယ်။ ဒီနေ့ဆိုလည်း တစ်မြို့လုံးကို ခြောက်ကပ်နေတာပဲ။ အခုလည်း တစ်ရပ်ကွက်လုံးဘယ်မှမသွားကြဘူး လမ်းတွေဆို ခြောက်ကပ်နေတာပေါ့ဗျာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းအချိန်က စစ်ကားများဖြင့် သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ဒေသခံပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဧရာဝတီမြစ်ဘေးက စက်လှေမောင်းတဲ့သူတွေ၊ ကားမောင်းတဲ့သူတွေ၊ သုံးဘီးမောင်းတဲ့သူတွေ အကုန်လုံးကို ဖမ်းတာ၊ ဟိုတယ်မှာ တည်းနေတဲ့သူတွေကိုတောင် တံခါးတွေဖွင့်ပြီး ယောကျာ်း၊ မိန်းမအကုန်ဖမ်းထည့်တာ။ စစ်တပ်ကားမှာ အကုန်ဖမ်းထည့်တာ၊ ညနေ လေးနာရီကနေ ခြောက်နာရီခွဲထိ တစ်နေရာပြီးတစ်နေရာ လိုက်ဖမ်းတာ အကုန်လုံး အယောက်တစ်ရာလောက်ရှိတယ်။ ခုနက ပြန်ကြားရတာကတော့ ပိုက်ဆံဆယ်သိန်းနဲ့ ပြန်လာထုတ်ခိုင်းတယ်လို့ သိရတယ်။ ပိုက်ဆံရှာစားတဲ့အကွက်ပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ဖမ်းဆီးမှုများကြောင့် ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့အတွင်း လူသွားလူလာနည်းပါးသွားသည့်အပြင် မာရှယ်လောထုတ်ပြန်ထားခြင်းကြောင့် ညနေ ၄ နာရီမထိုးမီ ဈေးဆိုင်များအားလုံးပိတ်သိမ်းကြသလို ပိတ်သိမ်းခြင်းမရှိသည့် ညနေခင်းဈေးရောင်းသည့် လမ်းဘေးဈေးဆိုင်များကိုလည်း အတင်းအကြပ်ပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများမှာလည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) တွင်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း တာပိန်မြစ်ပေါ်တွင် တည်ဆောက်ထားသော ရွှေကျီးနားကျေးရွာနှင့် စင့်ကင်ကျေးရွာကို ဆက်သွယ်ထားသည့် တံတားအပါအဝင် ဗန်းမော်မြို့တစ်ဖက်ကမ်းရှိ ကျေးရွာချင်းဆက်တံတားများအားလုံးကို စကခ ၂၁ ဗျူဟာမှူးအမိန့်ဖြင့် ခြိမ်းခြောက်ဖျက်ဆီးခိုင်းခဲ့သည်။

 

သတင်း – Thu Ta

ပုံ – လူသွားလူလာရှင်းလင်းနေသည့် ဗန်းမော်မြို့တွင်း နေရာအချို့ကို ယနေ့တွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ