စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့ကို ယနေ့နေ့လယ် ၁၁ နာရီခန့်က လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လွယ်ဂျယ်မြို့အနီး ရော်ယွန်တောင်(Yaw Yung Bum)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိုင်ဂျာယန်မြို့အနီးအနားရှိ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း အသက် ၃၂ နှစ်အရွယ် မိုင်ဂျာယန်မြို့ခံတစ်ဦးက The 74 Media ကိုပြောသည်။

“အားပြင်းတယ်ပေါ့နော်။ နှစ်ထပ်အိမ် ပျက်စီးသွားတာတွေတော့ ရှိပါတယ်။ အသေးစိတ် မသိရသေးပါဘူး” ဟု ပြောသည်။

အရပ်သားပြည်သူများနေထိုင်သည့် နေရာအချို့တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း အသက် ၂၇ နှစ်အရွယ် မိုင်ဂျာယန်မြို့ဒေသခံတစ်ဦးကဆက် ပြောသည်။

“လက်နက်ကြီးပစ်ထည့်လိုက်တော့ ပြည်သူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ ဘယ်နှစ်ကြိမ်ပစ်လဲတောင် ရေတော့ မရေထားလိုက်မိဘူး။ ထိခိုက်တာတော့ အခုထိတော့ မကြားမိသေးဘူး” ဟု ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိ The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက်ပိုင်းက သိမ်းပိုက်ခဲ့ကြောင်းသတင်းထွက်ပေါ်နေချိန်တွင် စစ်ကောင်စီတပ်က မိုင်ဂျာယန်၊ နမ်ဆန်ယန်ကျေးရွာနှင့် လိုင်ဇာမြို့အနီးတစ်ဝိုက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံး တရုတ်နိုင်ငံအတွင်း နှစ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ