အင်းတော်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ သွားရောက်နိုင်မည့် ရွှေဘိုကားလမ်းပိုင်းကို ဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး ထီးချိုင့်လမ်းပိုင်းကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ဖွင့်တယ်ဆိုတာကတော့ ရွှေဘိုလမ်းပိုင်းပေါ့နော့် ထီးချိုင့်လမ်းပိုင်းမပါပေါ့နော်။ လောလောဆယ်တော့ ဖွင့်ထားပေးတယ်ဗျ။ စစ်ရေးနေအထားအရ လိုအပ်ရင်တော့ ထပ်ပိတ်ဖို့ပြောထားတယ်ဗျ” ဟုဆိုသည်။

အင်းတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းများကို ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းကြောင့် မြစ်ကြီးနား – မန္တလေး ခရီးစဉ်များ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လမ်းကတော့ လောလောဆယ်အခြေနေမှာ အတက်အဆင်း အကုန်ရပြီဗျ။ မနက်ဖြန်ကားထွက်ဖို့ ကားနှစ်စီး၊ သုံးစီးလည်းစီစဉ်ထားတယ်။ လမ်းကြောအခြေနေကြည့်ပြီးတော့ ထွက်ရမှာပေါ့နော်။ လမ်းမှာပိတ်တဲ့ ကားတွေကတော့ အကုန်လုံးလွတ်သွားပြီ။ ဟိုဘက်(မန္တလေး) ရောက်သွားပြီ” ဟုဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည့် လမ်းပိုင်းများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အကြာတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

အင်းတော် – ထီးချိုင့် – တကောင်း လမ်းပိုင်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ရေးအရ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ