ကချင်ပြည်နယ်၊ မချမ်းဘော့မြို့မှ ဘင်ခူးကျေးရွာသွားရာလမ်းတွင် ရွှေမှော်များသို့သွားသည့် ဘက်ဟိုးများနှင့် ဆီတင်ကားများကြောင့် ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါကျေးရွာလမ်းသည် ဆိုးဝါးစွာ ပျက်စီးသွားသောကြောင့် ခြေလျင်ဖြင့် ခရီးသွားရန်ပင် ခက်ခဲသွားကြောင်း အသက် ၂၅ အရွယ် ဘင်ခူးဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းကတော့ လုံးဝကိုသွားလို့မရတော့ဘူး။ ရွံ့တွေက ဒူးလောက်ထိရောက်တယ်။ ဆီတင်တဲ့ကားတွေက ဘက်ဟိုးတွေနဲ့တွဲပြီး သွားကြတာ။ သူတို့အဆင်ပြေသလို လမ်းတွေကိုလည်း တူးချင်သလိုတူးပြီး ကောင်းကောင်းက ပြန်မလုပ်ထားပေးဘူး။ ချိုင့်တွေ ခွက်တွေမှာဆို ရေကဝပ်။ အခုတောင်မိုးရာသီမရောက်သေးဘူး။ လမ်းကတော့အရမ်းခက်နေပြီ။ ဒီတိုင်းပဲဆိုရင်တော့ မိုရာသီမှာက သွားလို့ရမယ့် အနေထားမရှိဘူး”ဟုပြောသည်။

ဘင်ခူးကျေးရွာသည် မချမ်းဘော့မြို့မှ ဆယ်မိုင်ခန့်ကွာဝေးသော ကျေးရွာဖြစ်ပြီး သုံးမိုင်ခန့်မှာ ဆိုးဆိုးဝါးဝါးပျက်စီးနေသောကြောင့် ခြေကျင်ဖြင့် ဆက်သွားရကြောင်း သူကဆက်ပြောသည်။

အဆိုပါလမ်းသည် ယခင်ကတည်းက သွားလာရန်ခက်ခဲသောလမ်းဖြစ်ပြီး ရွှေမှော်များသို့သွားသော ဆီတင်ကားများနှင့် ဘက်ဟိုးများကြောင့် ပိုမိုပျက်စီးသွားကြောင်း ဒေသခံ ရပ်မိရပ်ဖ အမျိုးသားတစ်ဦးကပြောသည်။

“မြေနီလမ်းဟုတ်လို့ မိုးနည်းနည်းရွာလိုက်တာနဲ့ ဆိုင်ကယ်တွေသွားလို့မရဘူး။ ချိုင့်တွေမှာ တစ်ခါတလေ ရွှေမှော်ဘက်က ဘက်ဟိုးတွေ မြေဖို့ပေးတာတော့ရှိတယ်။ ကျောက်ခဲမပါတော့ ဆီတင်တဲ့ကား တစ်ခါလောက်သွားလိုက်တာနဲ့ ရွံ့တွေပြန်ဖြစ်သွားတယ်” ဟုပြောသည်။

ထိုကျေးရွာလမ်းကို အသုံးပြုနေသော ရွှေမှော်များမှာ ထီးခချောင်း(နမ့်ထီချောင်း)နှင့် ဘင်ခချောင်းတွင်ရှိသော ရွှေမှော်များဖြစ်ပြီး ရွှေဆိုင်းဆယ်ဆိုင်းထက်မနည်းရှိကာ ဘက်ဟိုးများဖြင့် ရွှေတူးဖော်နေကြောင်း ဒေသခံများထံမှသိရသည်။

ပျက်စီးနေသော အဆိုပါလမ်းကို မိုးရာသီမရောက်မည် အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေသည်။

ဘင်ခူးကျေးရွာပါဝင်သော အင်ဘူဘော့ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စားရင်အရ လူဦးရေ ငါးရာခန့်နေထိုင်ကြပြီး ဝမ်းရေးအတွက် စိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်နေသော ကျေးရွာတစ်ခုဖြစ်သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ