ကရင်နီပြည်နယ်တွင် ကားလမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ စစ်ရှောင်ပြည်သူနှင့် ဒေသခံပြည်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲပြင်းထန်လာခဲ့သည့်အချိန်မှစပြီး ဆန်တစ်အိတ်လျှင် ယခင်က လေးသောင်းခွဲပေးရသော်လည်း ယခု ခုနှစ်သောင်းကျော် ဈေးတက်သွားသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်ဟု ဖယ်ခုံ စစ်ရှောင် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခုဆန်တွေ ဘာတွေမရှိတော့ဘူး။ စစ်ရှောင်တွေဆိုရင် သုံးနပ်စားရမဲ့ဟာဆိုရင် နှစ်နပ်ပဲစားရတော့တာမျိုးပေါ့။ ဆေးဝါးတွေဆိုရင်လည်း ဒီရွာဘက်မှာနေတဲ့သူတွေဆို ပိတ်ထားတော့ကျ အရမ်းခက်ခဲတာပေါ့။ နောက်က စက်သုံးဆီတွေပေါ့နော် ဆေးဝါးတွေ ရိက္ခာတွေပျက်သွားတော့ ပိုပြီးခက်ခဲသွားတာ။ တစ်နေရာနဲ့ တစ်နေရာသွားမယ်ဆိုရင် ဆီပျက်တော့ကျအရမ်းခက်ခဲတယ်။ သူများဆီမှာ ကပ်နေရတာမျိုးတွေ ပိုက်ဆံတွေမရှိဘူးဆိုရင် ဆွေမျိုးမျက်နှာကြည့်ပြီးတော့ စားရတာဆိုတော့လေ စိတ်ဒဏ်ရာတွေရတာပဲ မျက်နှာငယ်ရတယ်လေ” ဟုပြောသည်။

မြို့ပြနှင့်ဝေးသော တောတောင်များတွင် စစ်ရှောင်နေရသောကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီများလည်း လိုအပ်နေကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ် စစ်‌ရှောင်စခန်းများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့နေရပြီး သောက်သုံးရေ ရရှိနိုင်ရန် ကားတစ်စီးလျှင် ရေတင်ခ ခုနှစ်သောင်းကျော်ခန့် ကုန်ကျရသည်ဟု ပင်လောင်းမြို့နယ် တောတွင်းတစ်နေရာတွင် စစ်ရှောင်နေသော အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကဆိုရင် ရေသယ်ကားနဲ့ သယ်ပြီးရေရတယ်။ ဒါပေမဲ့ ခုနားထားတာ တစ်ပတ်လောက်ရှိသွားပြီ။ အဲ့တော့ ရေရဖို့အတွက် တောင်အောက်ကို ဆိုင်ကယ်နဲ့ ပုံးတွေနဲ့ ဆင်းပြီးသွားသယ်ရတယ်။ ဆိုင်ကယ်ဆီကလည်း ဈေးကြီးတာရော ပြီးရင် ကားလမ်းတွေပိတ်လို့ဆိုပြီး လက်ကျန်ပဲရောင်းတာ။ အရင်က တစ်လီတာ နှစ်ထောင်ကျော်ဆိုရင် ခုက သုံးထောင်ကျော်သွားပြီ။ ဆီတွေက ဈေးကြီးလာတော့ ချွေတာသုံးပြီး လမ်းကို ရှည်ရှည်ပြန်လျှောက်ရတာပါပဲ။ ခုက စားသုံးဆီတွေရော၊ ဆားတွေ၊ တွေရင်လည်း အဆမတန်တက်သွားတာဆိုတော့လေ အရမ်းခက်သွားတာ။ တောတောင်ထဲရှာစားမယ်ဆိုရင်ကလည်း မိုင်းတွေကြောက်ရနဲ့ အရမ်းခက်ခဲနေတာပေါ့” ဟုပြောသည်။

စစ်ရှောင်နေရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းမရှိကာ ဝင်ငွေမရှိသည့်အပြင် ဆန်၊ ဆီ၊ ဆား စသော အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာသောကြောင့် အကန့်အသတ်ဖြင့် ချက်ပြုတ်စားသောက်နေရသည်ဟု ဒီး‌မော့ဆိုမြို့နယ်အတွင်း စစ်ရှောင်နေသော အမျိုးသမီးတစ်ဦးက ပြောသည်။

“အခု ကျွန်မတို့ဘက်က ရွာပြန်လို့လည်း မရဘူး။ စစ်ကောင်စီကလည်းတပ်စွဲထားတယ်။ လက်နက်ကြီးတွေလည်းအရမ်းကျတာလေ။ အဲ့ကြောင့် အခု သူများရွာမှာ စစ်ဘေးရှောင်နေရတာပေါ့။ လောလောဆယ်ကတော့ အရင်က ဆန်အဟောင်းတွေကို မျှပြီးစုပြီးစားကြတယ်။ အဓိက ခက်တာကတော့ ဆန်ဆီဆားတွေပေါ့။ ခက်ခဲတယ်ပေါ့နော်။ ပြီးတော့ အလုပ်ကလည်းမရှိဘူး ဝင်ငွေကလည်းမရှိဘူးလေ။ နေ့စားလုပ်ချင်တာတောင် ဘယ်သူမှမခေါ်ကြဘူးပေါ့နော်။ ဒီချိန်က နေ့စားခေါ်တာလည်းမရှိဘူးပေါ့။ တစ်ခါတလေ အရမ်းခက်တဲ့ချိန်ဆို ထမင်းက နှစ်နပ်ပဲစားရတဲ့ရက်တွေဆို ကလေးတွေက မနေတတ်ဘူးလေ။ အဲ့ကြောင့် ထမင်းသုံးနပ်ကို ဒီလိုမျှပြီးကျွေးနေရတာပေ့ါ” ဟုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် စစ်ရှောင်လူဦးရေ စုစုပေါင်း တစ်သိန်းထက်မနည်း နေရပ်စွန့်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရှောင်စခန်းများသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဘောလခဲမြို့နယ်တို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

ကရင်နီပြည်နယ်တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်တစ်အိတ်လျှင် ကျပ်ခုနှစ်သောင်းကျော်၊ ဆန်တစ်ပြည်လျှင် သုံးသောင်းကျပ်၊ စားဆီ တစ်ပိဿာလျှင် ကျပ်နှစ်သောင်းခန့်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်ငါးထောင်ခန့်၊ အာလူးတစ်ပိဿာလျှင် ကျပ်သုံးထောင်ခန့်နှင့် စက်သုံးဆီ တစ်လီတာလျှင် သုံးထောင်ကျော်နှင့်အထက် ဈေးရှိကြောင်း သိရသည်။

ကရင်နီစစ်ရှောင်များကို ကူညီပေးလိုပါက ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် https://www.facebook.com/profile.php?id=100069243400176  ၊  https://www.facebook.com/mobyert  တွင် လှူဒါန်းနိုင်သည်။

သတင်း – Ma Di

ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

သင့်ထင်မြင်ချက်ရေးပေးပါ