မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းသွားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်မတ်လ ၅ ရက်နေ့က စစ်ကောင်စီစစ်တပ်က စစ်ကြောင်းသုံးကြောင်းဖြင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)၏ တပ်စခန်းနှင့် မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (CRF-Myinmu)စခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု T.G.R တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးရင်းနဲ့ ဝင်သိမ်းသွားတာ။ အင်အားအလုံးအရင်းနဲ့ သိမ်းတာ။ မီးရှို့သွားတဲ့ရွာတွေလည်း ရှိတယ်။ စခန်းလည်းသိမ်းခံရတယ်။ သူတို့ပစ္စည်းတွေတော့ တော်တော်များများ ပါသွားတယ်လို့တော့ ကြားတယ်” ဟုပြောသည်။

လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်လုပ်လက်ပစ်ဗုံး တစ်လက်၊ ကျည် လေးထောင့်၊ မိုင်း receiver ၄၀၀ ခု၊ equipment တစ်ခု၊ Epson တံဆိပ်အမျိုးအစား ပရင်တာနှစ်လုံး၊ ဓာတ်ခဲအစုံ ၁၃၄ လုံး၊ ပြောက်ကျားဂျာကင် ၁၀၀၊ ပြောက်ကျားဦးထုတ် ၁၅၀လုံး၊ နွေဦးရောင်နီတံဆိပ် တီရှပ် ၆၀၊ မိုင်း ၄၀၀ ခု၊ ယူနီဖောင်း(အနက်) ခြောက်စုံ၊ လယ်တိုဖိနပ်(အနက်) ခြောက်စုံ၊ ပုခက်ငါးခု၊ ကီးဘုတ်နှင့်မောက် သုံးစုံ၊ ခေါက်ဆိုလာပြား သုံးခု သိမ်းဆည်ခံခဲ့ရကြောင်း CDSOM က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက ရသစ်ကျေးရွာမှ နေအိမ် ၁၇ အိမ်၊ ချောင်းဆင်းကျေးရွာမှ နေအိမ် ၇၄ အိမ်၊ CDSOM စခန်း၊ CRF စခန်းတဲ သုံးလုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကောင်စီကျောက်ရစ်ရဲစခန်းနှင့် မြောင်မြို့နယ်အတွင်း လှည့်လည်နေသော စစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၉ ရက်နေ့ တစ်ရက်အတွင်း လေးကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးခန့်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – fitty two

သင့်ထင်မြင်ချက်ရေးပေးပါ