ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီရဲစခန်းတစ်ခုကို ယမန်နေ့ နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ကျားတက်စံပြကျေးရွာမှ ကျားတက်ရဲစခန်းကိုဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Salingyi Special Task Force-SSTF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Mediaကိုပြောသည်။

“ကျွန်တော်တို့ဘက်ကလည်းစခန်းထဲဝင်ဖို့ကြိုးစားတဲ့အချိန်မှာ ဟိုဘက်ကနေပစ်တာ စခန်းကို ဝိုင်းဝင်သွားတဲ့အချိန် တော်တော်လည်းကပ်ဝင်သွားပြီး ဟိုကလည်း ပြန်ပစ်လိုက်တဲ့အနေအထားမှာ သုံးယောက်ဒဏ်ရာ၊ တစ်ယောက်ကျသွားတယ် စနှိုက်ပါ ပစ်ခံရပြီး။ နောက်တစ်ယောက်ကတော့ လက်နက်ကြီးစ ခေါင်းပေါ်တည့်တည့်မှာကျတယ်။ ဒဏ်ရာရတာငါးယောက် အရမ်းကြီးပြင်းထန်တဲ့ဒဏ်ရာတော့မဟုတ်ဘူး။ စိုးရိမ်စရာမရှိပါဘူး” ဟုသူကပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးမှာ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ရဲဘော် ဝလုံးနှင့် Salingyi Special Task Force-SSTF တပ်ဖွဲ့မှ ရဲဘော်ပိန္နဲသီးတို့ဖြစ်ကြောင်း သိရသည်။

အင်အား ၄၀ ခန့်ရှိသော ကျားတက်ရဲစခန်းတွင် နံနက် ၁၁ နာရီခွဲခန့်ထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး G 2 တစ်လက် သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“သူတို့ဘက်ကကျတာ အနည်းဆုံးငါးယောက်လောက်ရှိတယ် ဒါက ကျွန်တော်တို့ မျက်မြင်ပေါ့။ ထိခိုက်ဒဏ်ရာရတာ ခုချိန်ထိ လေးဦးရှိတယ်လို့တော့ ကြားတယ်။ ပုစဉ်းနဲ့လာသယ်သွားတာ” ဟုသူကပြောသည်။

ကျားတက်စခန်းကို သွားရောက်တိုက်ခိုက်ချိန် Salingyi Special Task Force-SSTF၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် – မြိုင်မြို့နယ်၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် MRDA တို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

ကျားတက်ရဲစခန်းကို လွန်ခဲ့သည့် ဧပြီလကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးခုပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့သည်။

ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၈၇၀ ကျော် လူဦးရေ ၃၇၀၀ ကျော်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ