မြစ်ကြီးနား – မန္တလေး အဝေးပြေး ကားလမ်းပေါ်၌ရှိသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ် အောက်လေးလမ်းဆုံစစ်ဆေးဂိတ် ယနေ့နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ဝင်ရောက်တိုက်ခိုက်ခံရသည်ဟု သိရသည်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ် နှစ်ဦးသေပြီး အချို့ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အောက်လေးလမ်းဆုံ ဝင်တိုက်ခံရတာ။ ဗိုလ်တစ်ယောက်နဲ့ နောက်လိုက်တစ်ယောက်သေတယ်လို့ကြားတယ်” ဟုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် စခန်းချလေ့ရှိပြီး ယခုအခါ ဂိတ်တွင်လမ်းပိတ်ပြီး စစ်ဆေးရေးတင်းကြပ်နေသည်ဟု အခြားဒေသခံတစ်ဦးက ထပ်မံအတည်ပြုပြောကြားသည်။

“စကစဘက်က ဗုံးဖောက်ခွဲခံရသာ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်။ ခုချိန်လမ်းတွေပိတ်ထားတယ်” ဟုပြောသည်။

ထို့အပြင် ယနေ့နံနက် အစောပိုင်း၌လည်း အထက်လေးလမ်းဆုံတွင် ပစ်ခတ်သံကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဂိတ်ကို မည်သူတိုက်ခိုက်ခဲ့သည်ကို The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ် ရွှေကူမြို့ ပလောင်တောင်တက်နားက မောင်းတံဂိတ်သည်လည်း အောက်တိုဘာ ၂၀ ရက်နေ့၌ မိုင်းခွဲခံခဲ့ရသည်။

Photo : Credit

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ