စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် နယ်စပ်ရှိ နန့်စီးအောင်စစ်ဆေးဂိတ်တွင် မော်တော်ယာဉ်များကို ညဖြတ်သန်းခွင့် ပိတ်ပင်ထားသောကြောင့် ခရီးသည်များနှင့် ယာဉ်မောင်းများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

နန့်စီးအောင်စစ်ဆေးရေးဂိတ်ကို ည ၆ နာရီမှ မနက် ၆နာရီအတွင်း ဖြတ်သန်းခွင့်ပိတ်ပင်ထားခြင်းဖြစ်ပြီး လမ်းဘေးတွင် ညအိပ်ရသောကြောင်း အန္တရာယ်အလွန်များသည်ဟု မန္တလေး-ဖားကန့် ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်က ကျွန်တော်တို့ရှေ့မှာတင် တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲရှိမှန်းမသိလို့ မောင်းမိပြီး ကျည်ထိပြီး ထိခိုက်တာတွေလည်း ရှိခဲ့ဖူးတယ်။ တစ်ခေါက်နဲ့တစ်ခေါက်က ခရီးသည်ရော၊ ကျွန်တော်တို့ရော အရမ်းအန္တာရာယ်များတယ်” ဟုပြောသည်။

ခရီးသည် အမျိုးသမီးများပါလာပါက ကားဆရာများက လမ်းဘေးတွင် မိုးကာခင်းအိပ်ရကြောင်း သူကဆက်ပြောသည်။

ထို့အပြင် နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးတင်းကျပ်နေသည့်အပြင် ဂိတ်ကြေးများလည်းပေးနေရကြောင်း လုံခြုံရေးကြောင်း အမည်မဖော်လိုသည့် နောက်ထပ်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လမ်းကြေးပေးတာများတယ်၊ ဆဲဆိုခြိမ်းခြောက် တောင်းတာလည်းရှိတာပဲ ၊ နန့်စီးအောင်ဂိတ်ကို တစ်နာရီကျော် ငုတ်တုတ်ထိုင်ပြီး အစစ်ခံခဲ့ရဘူးတယ်၊ PDF မှတ်လို့တဲ့ တစ်ယောက်ခြင်း စစ်တယ်။ ဖုန်း အိတ်တွေပေါ့၊ အဲလိုစစ်တယ် ရစ်တာပေါ့”ဟုပြောသည်။

ခရီးသည်များကို စစ်ဆေးရေးတင်းကျပ်နေသည့်အပြင် ဆေးဝါးများ၊ အောက်ဆီဂျင်များ၊ ဆန်နှင့်ဆီများကိုလည်းသယ်ဆောင်ခွင့်မပြုသောကြောင့် စစ်ဆေးနေကြောင်း သိရသည်။

နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ မော်တော်ယာဉ်ထိန်းသိမ်းရေး(မထသ)၊ ယာဉ်ထိန်း၊ လဝက၊ ရဲတပ်ဖွဲ့ နှင့်မူးယစ်အဖွဲ့တို့ဖြစ်ကြောင်းသိရသည်။

ပုံ / နန့်စီးအောင်စစ်ဆေးရေးဂိတ်အနီးတွင် ညအိပ်ရပ်နားနေသော ခရီးသည်တင်ယာဉ်များကိုတွေ့ရစဉ်။ (CJ)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ