စစ်ကိုင်းတိုင်း ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေပူးပေါင်းတပ်တို့ ယနေ့မွန်းလွှဲ သုံးနာရီခွဲခန့်မှစတင်ကာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ အနီးသို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အထက်ဝဲကြီးရွာနားမှာ ဖြစ်တာ။ အပြန်အလှန်တော့ပစ်ကြတယ်။ သူတို့(စကစ) တဖက်သတ်ပစ်နေတာက ပိုကြာမယ်။ ကိုယ့်ဘက်ကတော့ ပစ်ပြီး ပြန်ဆုတ်တာပါဘဲ” ဟုပြောသည်။

တိုက်ပွဲမှ သေနတ်သံနှင့် လက်နက်ကြီးသံများသည် ရေနီကျေးရွာထိပါ ကြားနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အသံတော့ အကျယ်ကြီးပဲ။ သေနတ်သံက ဆက်တိုက်ပစ်နေကြတာ။ လက်နက်ကြီးသံလည်း ကြားတယ်။” ဟုပြောသည်။

ယခုလ ၂ ရက်နေ့ကလည်း ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးနှင့် ဆင်ကူးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေ ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကောင်စီစစ်ကြောင်းက လမ်းပြခေါ်ဆောင်သွားသူ အမျိုးသားတစ်ဦး ကသာမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နေ့၌ ပစ်သတ်အလောင်းဖျောက်ခံရပြီး စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးစ ထိမှန်သည့် ပြည်သူများ ရှိသကဲ့သို့ ဘုန်းကြီးကျောင်းနှင့် နေအိမ်ပျက်စီးမှုလည်း ရှိသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ကသာမြို့နယ်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။ (Photo Credit – Myanmar Now Website)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ