ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာတွင် ယနေ့နံနက် ရှစ်နာရီမှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ အခြေအနေမတည်ငြိမ်သေးသည့်အပြင် အချိန်မရွေးတိုက်ပွဲဆက်လက် ဖြစ်ပွားလာနိုင်သည်ဟု PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲက ဒီမနက်ကတည်းက အခုထိ နားလိုက်ပစ်လိုက်နဲ့ ဆက်ဖြစ်နေတုန်းပဲ။ မတည်ငြိမ်သေးလို့ တိုက်ပွဲထပ် ဖြစ်နိုင်သေးတယ်။ စကစဘက်ကတော့ လေးယောက်သေတာတော့ သေချာတယ်။ ပြီးတော့ ဒဏ်ရာရတာတွေ ကတော့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ နှစ်ယောက်ထိခိုက်မှုရှိပြီး တစ်ယောက်က နည်းနည်း စိုးရိမ်မှုရှိတာပေါ့”ဟု ပြောသည်။

စစ်ကောင်စီတပ်မှ ဒဏ်ရာရ စစ်သည်များကို လာရောက်ခေါ်ဆောင်သွားသည်ကို ၎င်းတို့ မြင်တွေ့နေရကြောင်း သူကဆက်ပြောသည်။

“စစ်ခွေးတွေအနေနဲ့ လူနာတွေကောက်ပြီးသွားနေတာကိုတော့ ကျွန်တော်တို့လှမ်းမြင်ရတယ်ဗျာ။ ကျွန်တော်တို့ ဘက်ကပစ်လိုက်လို့ လဲသွားတာကို ပြန်ကောက်နေကြတာတွေ တွေ့လို့ထိခိုက်မှုကို အဲ့လိုအတည်ပြုတာပေါ့”ဟု ပြောသည်။

တိုက်ပွဲကြောင့် ခေါင်းအိဒေသခံများ ပိုင်ဆိုင်မှုအားလုံးထားပြီး တိမ်းရှောင်ခဲ့ရကြောင်း ခေါင်းအိဒေသခံများကို သွားရောက်ကယ်ထုတ်ရာတွင် ပါဝင်ခဲ့သည့် ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွာဘေးမှာ လက်နက်ကြီးနဲ့ ထုတာတွေ ရှိတော့ ပြည်သူတွေတိမ်းရှောင်ရတာပေါ့နော်။ တချို့ပြည်သူတွေဆို ကိုယ်လွတ် ရုန်းလာတဲ့အတွက် ဘာမှမယူလာခဲ့ကြဘူး။ တချို့ဆို ဖိနပ်တောင်မစီးအားဘူးပေါ့နော်”ဟု ပြောသည်။

၎င်းတို့ သွားရောက်ကယ်ထုတ်ခဲ့သော ဒေသခံများတွင် ခြေထောက်ထိခိုက်ထားသော တစ်နှစ်ခွဲအရွယ်ကလေးအပါအဝင် နာမကျန်းဖြစ်နေသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်သောကြောင့် ဆေးဝါးထောက်ပံ့မှုလိုအပ်နေကြောင်း သိရသည်။

ခေါင်းအိကျေးရွာနှင့် သုံးမိုင်ခန့်ကွာဝေးသော လွယ်ဟွဲကျေးရွာတွင် ယမန်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကာ PDF မှရဲဘော်နှစ်ဦးဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း KNDF မှ ထုတ်ပြန် ထားသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ