လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် တန့်ဆည်မြို့ ကံထူးမကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသော​ကြောင့် သုံးဦး​သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

​​မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့​ကြောင်း ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကံထူးမစံပြကျေးရွာ အဝိုင်းပတ်အနီးမှာ ကား ဆိုင်ကယ်နဲ့ ဖုန်း​တွေကိုစစ်ဆေးနေတဲ့ စစ်သားနဲ့ ရဲ ၁၅ ဦးလောက်ကို တန့်ဆည်မြို့နယ် ပကဖ(PDF)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါဗျ။ သုံးယောက်ကတော့ လွှင့်သွားတယ်ဗျ။ ထိခိုက်ဒဏ်ရာ ရတာလည်း များတယ်”ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်မျာ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းပေါ်၌ ဆိုင်ကယ်နှင့်ဖြတ်သွားသည့် အမျိုးသားတစ်ဦး ရင်အုံကျည်ထိမှန် ကျဆုံးခဲ့သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူတစ်ယောက် လမ်းပေါ်မှာ ဆိုင်ကယ်စီးနေတာ ရမ်းပစ်တဲ့ချိန် နောက်ကနေလာမှန်တာ။ ညာဘက်ကျောကနေဖောက်ပြီး ရင်အုံကိုထိတာ။” ဟုပြောသည်။

ကျဆုံးခဲ့သူ အမျိုးသားသည် ဦးအေးမင်း အသက် ၃၀ ဝန်းကျင်ရှိသည့် ကြက်ဆူကန်ရွာသားဖြစ်ပြီး ကလေးတစ်ဦး၏ ဖခင်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ကာပေါင်းကျကျေးရွာသို့ စစ်အင်အားထပ်မံဖြည့်တင်းရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းအား အောက်တိုဘာ ၁၉ ရက်နေ့ ည ၉ နာရီခန့်က တနယ်ကျေးရွာနှင့် တန့်ဆည်ကြားတွင် ဒေသခံ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ