ခေါင်လန်ဖူးဌာနေပြည်သူ့စစ်
ကချင်ပြည်နယ် ပူတာအိုမြို့တွင် စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က စစ်သင်တန်းတက်ရောက်ရန် ဒေသခံပြည်သူများကို လိုက်လံစည်းရုံးနေသော်လည်း တက်ရောက်သူမရှိကြောင်း သိရသည်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တွင် စစ်သင်တန်း တက်ရောက်သင်ယူမည့်သူ မရှိသောကြောင့် ပူတာအိုမြို့ပေါ်ရှိ ရွာများတွင် လိုက်လံစည်းရုံးနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လွန်ခဲ့တဲ့နှစ်ပတ်ကတည်းကဟုတ်ပြီ။ ပြည်သူ့စစ်မှာ ဘာအခကြေးငွေပေးစရာမလိုဘဲ သင်တန်းတက်လို့ရတယ် ဆိုပြီး အရမ်းလိုက်စည်းရုံးနေတာ တစ်ယောက်တောင်သွားမတက်ကြဘူး။ ခါတိုင်းက သင်တန်းကို ၅၀ – ၆၀ ဦး လောက်ပေးတယ်။ အခုက သင်တန်းတက်မယ့်သူတောင် မရှိဘူး။ ရွာတိုင်းလိုလိုဆင်းပြီး ထပ် စည်းရုံးနေကြတယ်” ဟုသူကပြောသည်။
ဌာနေပြည်သူ့စစ်က ပေးသော စစ်သင်တန်းသည် သင်တန်ကာလက တစ်လဖြစ်ပြီး သင်တန်းပြီးဆုံးပါက အလှည့်ကျ သုံးလစီ ပြန်လည် တာဝန်ထမ်းဆောင်ရကြောင်း သူကဆက်ပြောသည်။
စစ်သင်တန်းကို ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့က ဖွင့်လှစ်ရန် လျာထားသော်လည်း တက်မည့်သူ မရှိသောကြောင့် သင်တန်း တက်ရောက်မည့် စာရင်းပြည့်မှသာ ဖွင့်လှစ်မည်ဟု ရက်ရွှေ့ထားကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် အချိန်တွင် စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူခြင်းသည် သွက်သွက်ခါအောင် ရူးနေခြင်းဖြစ်သည်ဟု ဒေသခံ လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။
“ခုချိန် တစ်နိုင်ငံလုံးက ပြည်သူတွေ၊ လူငယ်တွေအားလုံးက စစ်အာဏာရှင်အစုအဖွဲ့ကို တော်လှန်နေတဲ့ အချိန်မှာ တချို့ ရဝမ်လူကြီးတွေ ဘာစိတ်ကူးနဲ့များ ဒီလိုလုပ်တာလဲ နားကိုမလည်တော့ဘူး။ ဒီလိုအချိန်ခါမှာ ပြည်သူ့စစ်သင်တန်းခေါ်တယ် ဆိုကတည်းက သွက်သွက်ခါအောင် ရူးနေကြလို့ဘဲ။ သူတို့စည်းစိမ်ကို ကာကွယ်ဖို့လား ကိုယ့်အမျိုးထဲက PDF လူငယ်တွေကို သတ်ဖို့လားဆိုတာ သူတို့ဘဲသိမယ်” ဟုသူကပြောသည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်မှ ယခုလိုစစ်သင်တန်းတက်ရန်ခေါ်ယူနေခြင်းသည် ပြည်သူ့စစ်များ အင်အား ပိုမိုကြီးထွာလာရန်နှင့် စစ်ကောင်စီမှ ဖိအားပေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။
နောင်မွန်မြို့ရှိ ကျေးရွာတိုင်းတွင်လည်း မေလ ၂ ရက်နေ့က KIA အားတိုက်ထုတ်နိုင်ရန်အတွက် ခေါင်လန်ဖူး အခြေစိုက်ဌာနေ ပြည်သူ့စစ်များထံ စစ်သင်တန်းတက်ရောက် သင်ယူရန် လိုက်လံစည်းရုံမှုများ ရှိခဲ့သည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ကို ၂၀၀၆ ခုနှစ်တွင် ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ခေါင်လန်ဖူးအခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်၏ ခေါင်းဆောင်ဖြစ်သူ ဦးရယ်ဒမ်းတန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် နောင်မွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ