နန်းမားမြို့
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်းထမ်းနှစ်ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက်နေ့ ညနေတွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကားသုံးစီးဖြင့် အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းသွားပြီး မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“နာမည်နဲ့ လာရှာတာ သတင်းရလို့လာတာလို့ပြောတယ်။ ခုသူတို့ကို ဘယ်မှာဖမ်းထားတာလဲ မသိဘူ။ ရုံးမှာ နေတဲ့သူက ငါးယောက်ရှိတယ် သူတို့က အဝေးကတွေဆိုတော့ ရုံးထဲမှာနေတယ်။ မီးကြိုး ပြင်တာတွေ ဆင်တာတွေက သူတို့ပဲလုပ်တာ” ဟုသူကပြောသည်။
ဖမ်းဆီးခံရသည့် လျှပ်စစ်ဝန်ထမ်းနှစ်ဦးမှာ ကျော်ကျော် အသက် ၂၆ နှစ်နှင့် အောင်ဆန်းဝင်း အသက် ၂၅ နှစ်တို့ဖြစ်သည်။
နန်းမားမြို့တွင် ဩဂုတ်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက NLD ပါတီမှ အနိုင်ရ ပြည်နယ်လွတ်တော်ကိုယ်စာလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်း လူငယ်လူမှုအထောက်အကူပြု အဖွဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်ခင်မာလင်းတို့အပါအဝင် ပြည်သူ ခုနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ