တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး (KNU/KNLA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ဆယ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်ရှိကျေးရွာများတွင် KNU နှင့် စစ်ကောင်စီတပ်တို့ကြား လေးကြိမ်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ အရာရှိတစ်ဦး အပါအဝင် ဆယ်ဦးသေဆုံး၍ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက The 74 Media ကိုပြောသည်။
“မနက် ၈နာရီ ၅မိနစ်လောက်ကစပြီး နာရီထိ လေးကြိမ်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကရော လက်နက်အကြီးတွေနဲ့ ထုပါတယ်။ သေနတ်ကတော့ တရစပ်ပဲ ပစ်ခတ်ခဲ့ပါတယ်။ PDF ဘက်က တစ်ယောက် ထိခိုက်ပြီး စိုးရိမ်ရတဲ့ အခြေနေရှိတယ် စကစ ဘက် အရာအရှိတစ်ဦး အပါအဝင် ၁၀ ဦး ကျဆုံးပြီး ၃၀ ယောက် ထိခိုက်သွားပါတယ်” ဟု သူကပြောသည်။
ပုလောမြို့နယ်ရှိ ဒူးရင်းပင်ရှောင်ရွာ၊ ပိန္နဲတောကျေးရွာနှင့် ဆားခဲဝန်းကျင်တို့တွင် စစ်မျက်နှာ ၃ ခုရှိနေပြီး စစ်ကောင်စီဘက်မှ တပ်မဆုတ်သေးကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒူးရင်းပင်ရှောင်ကျေးရွာရှိ စာသင်ကျောင်းထဲတွင် တပ်စွဲထားပြီး ပြည်သူအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ယနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူလူထု၏ တော်လှန်ရေး စတင်ပြီဟု ကြေညာပြီးနောက် မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ