နန်းမားတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းသုံးဦးပစ်ခတ်ခံရ၊ နှစ်ဦးသေဆုံး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ရှိ ညောင်ပင်သာရွာနှင့် မြင့်မြတ်စေတနာဆီဆိုင်အနီးတွင် ယနေ့စက်တင်ဘာလ ၆ရက်နေ့ ၊ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ဖွဲ့ဝင်ဟောင်း သုံး ဦး ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြင့်မြတ်စေတနာဆီပန့်ဆိုင်အနီး ကားလမ်းတွင် ကားရပ်ထားစဉ် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ရာမှ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့က ကားလမ်းဘေးမှာ ရပ်ထားတာတဲ့၊ တစ်ယောက်က ဗိုက်တဲ့၊ တစ်ယောက်က ပေါင်တဲ့ အရင်က ပြည်သူ့စစ်ဟောင်းတွေ ဦးအေးမင်းနဲ့ လုပ်ဖော်ကိုင်ဘက်တွေလို့ပြောတယ်၊ ထွန်းထွန်းက သေတယ်၊ ဦးချစ်ကိုက ဗိုက်မှန်ထားတယ်” ဟု သူကပြောသည်။
ပစ်ခတ်ခံရပြီးနောက်တွင် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးမှုများ ပြုလုပ်နေကြောင်း ကားတားခံရသည့် ဒေသခံတစ်ဦး က The 74 Media ကို ပြောသည်။
“သေနတ်သံ ကြားလိုက်ရတယ်၊ သူတို့က နှစ်ဖက် ပစ်ကြတယ်ပြောတယ်၊ ဆိုင်ကယ်သမားတစ်ယောက်လည်း သေတယ်ပြောတယ်၊ ပစ်ခံရပြီးနောက် ရဲတွေလည်း ရောက်လာတယ် ၊ ကျွန်တော်တို့ ကားတွေတားထားတယ်၊ ပိတ်ထားတယ်” ဟု သူကပြောသည်။
ဆိုင်ကယ်ဖြင့်လာရောက်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လာရောက်ပစ်ခတ်သူတစ်ဦးလည်း အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
လက်ရှိတွင် အဆိုပါ နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများနှင့် ဒဏ်ရာရသူ တစ်ဦးတို့ကို မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပြီး လမ်းသွားလမ်းလာပြည်သူများကို တားဆီးကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
အဆိုပါပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်စဉ် အသေးစိတ်အချက်အလက်ကို The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မိုးညှင်းမြို့နယ်၊ နန်းမားမြို့အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ပါတီ ဝင် အသက် ၄၉ နှစ်အရွယ် ဦးအေးမင်းသည် ဇွန်လ ၁ ရက်နေ့၊နံနက် ၅ နာရီခန့်တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။
ဓာတ်ပုံ – မြောက်ပိုင်းတိုင်းလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo Credit – Mizzima)
သင့်ထင်မြင်ချက်ရေးပေးပါ